သတင်း

မလိယန်ရွာနီး စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲ

မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ မလိယန်ရွာနီးမှာ စစ်တပ်က ဒီနေ့ နေ့လည် ၁၁ နာရီဝန်းကျင်မှာ ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံး ၄ကြိမ်လာရောက် ပစ်ခတ်သွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

အဲဒီ စစ်တပ်ရဲ့ဂျက်လေယာဉ် ၂စီးဟာ နေ့လည် ၁၁ နာရီဝန်းကျင်မှာ မန်းလေးတံတားဦးလေဆိပ်ကနေ တက်လာခဲ့ပြီး နေ့လည် ၁၁ နာရီခွဲလောက်မှာ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“တံတားဦးကနေ တက်လာတဲ့ လေယာဉ်  ၂ စီးနဲ့လာပစ်သွားတာမှန်တယ် ဒီနေ့က မြေပြင်တိုက်ပွဲတော့မရှိဘူး မနေ့ကတော့ ဂန်ဒေါင်ယာန်ဘက်ခြမ်းမှာရှိတဲ့ အရင်ရဲတွေထိုင်တဲ့ စစ်တပ်စခန်းတစ်ခုနောက်ဆုတ်သွားတယ်”လို့ ပြောပါတယ်။

ဒီကနေ့ စစ်တပ်က လာရောက်ဗုံးကြဲတိုက်ခိုက်သွားတဲ့ မလိယန်ရွာနားမှာ မနေ့က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ် ရေးတပ်မတော် KIA တပ်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် ဂန်ဒေါင်ယန်ဘက်က စစ်တပ်စခန်းတစ်ခုကိုလည်း စစ်တပ်ဘက်က နောက်ဆုတ်သွားကြောင်း သိရပါတယ်။

မြစ်ကြီးနား- ဗန်းမော်လမ်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဘက်ကနေ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာရာကနေ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အပြင် စစ်တပ်ဘက်က နမ်ဆန်ယန်အနီးတစ်ဝိုက် ဇူလိုင်လ ၂၂ ရက် ဇူလိုင်လ ၂၇ ရက်နေ့မှာ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်တိတိ လေကြောင်းနဲ့လာရောက်ဗုံး ကြဲတိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား- ဗန်းမော်ကားလမ်းပေါ်မှာရှိတဲ့ မဒီးယာန်၊အောင်ဂျာ၊ခရာဘက်ကနေ နမ်ဆန်ယန်ဘက် ဖြည်းဖြည်းချင်း စစ်ကြောင်းထိုးဝင်ရောက်လာနေတဲ့အတွက်နှစ်ဖက်တိုက်ပွဲဆက်တိုက်ဖြစ်နေတယ်လို့လည်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

“ခုတိုက်ပွဲကဆက်ဖြစ်နေတုန်း ဒီတိုက်ပွဲက ရက်ရှည်တိုက်ပွဲဖြစ်လာနိုင်တယ် ခုချိန်ထိလည်း တင်းမာနေတုန်းဖြစ်တယ်။ စစ်တပ်ဘက်ကလည်း ပြည်သူတွေရှိတဲ့ဘက်တွေဆိုလက်နက်ကြီးနဲ့ ပစ်တာရှိနေတဲ့အတွက် ပြည်သူတွေ သတိထားနေစေချင်တယ်”လို့ပြောပါတယ်။

နမ်ဆန်ယန်ကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စစ်တပ်နဲ့ KIA ကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည် သူအားလုံး ၈ နှစ်ခန့်ကြာ နေရပ်စွန်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရာကနေ ၂၀၁၈ ဒီဇင်ဘာလကစပြီး နေရပ်ပြန် လည်နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေသခံတွေ လုံခြုံစွာ နေရပ်ပြန်လည် နေထိုင်နိုင်ရေး နမ်ဆန်ယန်ကျေးရွာ အနီးတစ်ဝိုက်မှာ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့လုံးက ဝင်ရောက်တပ်စွဲနေထိုင်တာတွေ မလုပ်ကြဖို့ သဘောတူညီထားပေမယ့် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာလည်း တစ်ကြိမ် ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တစ်ကြိမ် နဲ့ ဇူလိုင်လ ၁ ရက်နေ့ တစ်ကြိမ် ရွာအနီးမှာ တပ်စွဲနေထိုင်ဖို့ ပြင်ဆင်လာတဲ့အတွက် ခုလိုတိုက်ပွဲဖြစ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ နမ်ဆန်ယန်ကျေးရွာဒေသခံတွေအပါအဝင် မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ကျေးရွာကပြည်သူတွေဟာ မြစ်ကြီးနား၊ဝိုင်းမော်ဘက်ကို ထပ်ပြီးတိမ်းရှောင်နေကြရပြီဖြစ်ပါတယ်။

Show More

Related Articles

Back to top button