လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဆယ်ဇင်းမှာ  SNA တပ်ပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး  အရပ်သားပြည်သူ ၇ ဦး ဒဏ်ရာရရှိ

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းတိုက်နယ်အပိုင်း နန့်ပုတ်ကျေးရွာဈေးတန်းဘက်ကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့က လက်နက်ကြီး ပတ်ခတ်လိုက်တဲ့အတွက်  အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အိမ်ထဲကို တစ်လုံးကျတယ်၊ ဈေးတန်းထဲကို တစ်လုံးကျတယ်၊လက်နက်ကြီးနဲ့ပစ်တာပါဗျဟု နန့်ပုတ်ကျေးရွာသားတစ်ဦးကပြောပါတယ်။

လက်ရှိမှာ လက်နက်ကြီးထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆေးဝါးကုသပေးနေတယ်လို့ သိရပါတယ်။

ဒေသခံတွေပြောတာကတော့ နန့်ပုတ်ဈေးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF တွေ ဈေးလာဝယ်တာ လေ့ရှိတာကြောင့် ခုလိုပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဘက်ကတော့ SNA ဟာ နန့်ပုတ်ဈေးဘက်ကို ကာကွယ်ရေးတပ်တွေရှိတယ်လို့ ယူဆပြီး ပစ်ခတ်တာဖြစ်နိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

ရွာလူကြီးတွေကို အမြဲခြိမ်း‌ခြောက်လေ့ရှိတာပေါ့၊ကျွန်တော်တို့ KPDF တွေ မလာစေနဲ့ပေါ့၊လာရင် တစ်လုံးစာပဲရှိတယ်ဆိုပြီး ပြောနေတာတွေရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ မနက်ပိုင်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ SNAပြည်သူ့စစ်အဖွဲ့ တည်ရှိရာဒေသအခေါ်သံယောဇဉ်ကုန်း ကနေ ပစ်ခတ်တာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့၊ဆယ်ဇင်းတိုက်နယ်၊နန့်ပုတ်ကျေးရွာဟာ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်မှာတည်ရှိပြီး KIA,PDF အပြင် စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်နဲ့ SNA တပ်တွေ လက်နက်ကိုင်ပေါင်းစုံလှုပ်ရှားတဲ့‌ နေရာဖြစ်ပါတယ်။

ဒါ့အပြင် ဒီလထဲမှာလည်း SNA ပြည်သူ့စစ်စခန်းတည်ရှိတဲ့ ပါရှီ စစ်စခန်းအား ကချင်လွတ်လပ်ရေးတပ်မတော် KIA, KPDF ပူးပေါင်းတပ်တွေကသွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ဖြစ်စဉ်တွေရှိ‌နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button