လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကားမိုင်းကျေးရွာဒေသခံ ၅ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်မြို့နယ် ကားမိုင်းမြို့က ဒေသခံအမျိုးသား ၅ ဦးကို စစ်ကောင်စီစစ်ကြောင်းက ဒီနေ့ မနက်အစောပိုင်း ၂ နာရီလောက်မှာ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံနေအိမ်အထိ ဝင်ရောက်ဖမ်းဆီးသွားပြီး ဖားကန့်ဘက်ကို ဆက်ပြီး စစ်ကြောင်းထိုးသွားတယ်လို့ ဒေသခံတစ်ဦး KNG သတင်းဌာနကို ယခုလိုပြောပါတယ်။

သူတို့တွေ ၅ ဦးလောက်ဟုတ်တယ်။ အိမ်ထဲမှာအိပ်နေတဲ့အချိန် ဝင်ရောက်ဖမ်းဆီးခေါ်သွားတယ်။ အဲ့ဒီစစ်ကြောင်းက တနိုင်းလီဒိုလမ်းဘက်ကနေ ကားမိုင်းဘက်ကို ဝင်ရောက်လာပြီးတော့ ဒီကအဲ့ဒီဒေသခံတွေကို ခေါ်သွားတာပေါ့ဟု ကားမိုင်းဒေသခံတစ်ဦးကပြောပါတယ်။

ကားမိုင်းမြို့ကနေ ထွက်လာတဲ့ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို ဒီမနက် ၉ နာရီလောက် ကျောက်ထုရွာနားမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ပြီး လက်ရှိချိန်ထိ တိုက်ပွဲဖြစ်ပွာနေဆဲဖြစ်ကြောင်း သိရပါတယ်။

လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ထားခြင်းခံထားရတဲ့ အဲ့ဒီကားမိုင်းဒေသခံအမျိုးသားတွေဟာ တိုက်ပွဲအတွင်း ထိခိုက်မှု ရှိ မရှိကိုတော့ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့ကစပြီး နမ္မတီးဘက်ကနေ စစ်ကား ၃ စီးဖြင့်ချီတက်လာတဲ့ အဲ့ဒီစစ်ကောင်စီ စစ်ကြောင်းက ဒွမ်ဘုံးကျေးရွာအထိ ချီတက်လာပြီး ဒွမ်ဘုံးရွာခံအမျိုးသား ၅ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

အဲနောက် ဩဂုတ် ၂၀ ရက်နေ့ ညနေပိုင်း ဒွမ်ဘုံးရွာသား ၅ ပြန်လွတ်ပေးခဲ့ပေမယ့် ဒီမနက်မှာတော့ ကားမိုင်းရွာခံတွေကို ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

အခုချိန် စစ်ရေးအခြေအနေတင်းမာနေတဲ့အချိန်ဖြစ်နေတာကြောင့် ဒေသခံပြည်သူတွေကို ကြောက်ရွံ့ပြီးနေနေရတယ်။ သွားလာလှုပ်ရှားရေးမှာလည်း စိုးရိမ်နေရတယ်ဟုကားမိုင်းဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကလည်း ဖားကန့်လမ်း ဆိုင်ဖရာကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီနင်းပြီး ဒေသခံကျေးရွာပြည်သူ ၅၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် အမျိုးသမီး ၆ ဦးထိခိုက်ဒဏ်ရာပြင်းထန်ပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။

Show More

Related Articles

Back to top button