စစ်ပြေးဒုက္ခသည်များသတင်း

ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ထွက်ပြေးရင်း အမျိုးသားတစ်ယောက် အမောဖောက်သေဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ထွက်ပြေးရင်း အမျိုးသားတစ်ယောက်သေဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

မနေ့က ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်း ၇နာရီလောက်မှာ ခင်ဦးနယ် အရှေ့တောင်ဘက်ခြမ်းကရွာတွေကို စစ်ကောင်စီအဖွဲ့ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြရင်း သေဆုံးခဲ့ရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကြောင်းလာတဲ့အချိန် သူတို့ဘက်က လက်နက်ကြီးလက်နက်ငယ် တွေနဲ့ရမ်းသမ်းပစ်တာပေါ့ အဲ့ချိန် ကလေးတွေရော သွေးနုသားနုမိခင်တွေရော ထွက်ပြေးကြရတာပေါ့ အဲ့ချိန် သူတို့ကလည်း ရွာတွေကို ခြောက်လှန့်ပစ်လိုက်တော့ ဒေသခံတွေအများကြီးပြေးရတာ အဲ့မှာ အဲ့ဒီအမျိုးသားကကြောက်လန့်ပြီး အမောဖောက်ပြီးဆုံးသွားတာ” လို့ ပြောပါတယ်။

သေဆုံးခဲ့တဲ့အမျိုးသားဟာ ခင်ဦးနယ် အရှေ့တောင်ခြမ်း အမှတ် ၂တိုက်နယ် မရမ်းအင်းရွာသား ဦးတင့် ဆိုသူဖြစ်တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ခင်ဦးနယ်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့လကတည်းက ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုးခံနေ ရတဲ့အတွက် ဒေသခံတွေ စပါးစိုက်ပျိုးရာမှာအခက်အခဲဖြစ်လာပြီး စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်လာ နိုင် တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက အခုလိုဆက်ပြောပါတယ်။

ဒီကာလက မိုးရာသီမိုးစပါးစိုက်ပျိုးရတာ အဲ့ချိန်မှာတောင် စစ်ကြောင်းတွေဆက်တိုက်ထိုး နေတော့တောင် မြောက်အလယ် အဲ့လိုထိုးနေတော့ လယ်စိုက်ဖို့အခက်အခဲဖြစ်တယ် အဲ့တာကြောင့်နောက်နှစ်အတွက် ဆန်စပါးခက်ခဲလာနိုင်တယ် ဒေသတွင်းမှာကိုဝယ်ယူလို့မရရင်ပိုပြီးစစ်ရှောင်တွေလည်းခက်ခဲလာနိုင်တယ်လို့ ပြောပါတယ်။

ခင်ဦးမြို့နယ်ကိုတော့ မနေ့က ရေဦးမြို့နယ် တိုင်းရင်းဆေးရုံမှာတပ်စွဲထားတဲ့စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့အင်းပတ်ကွေ့မှာ အထိုင်ချတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေပေါင်းပြီး စစ်ကြောင်းထိုးခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းကြောင့် ခင်ဦးနယ် အင်းပတ်၊မြင်းတောင်း၊မရမ်းအင်း၊ ကုန်းသာ၊အောင်သာ၊ အင်းပေါက်၊သဲကုန်းကြီး၊ကျွန်းလယ်၊ကျွန်းစွယ်၊မှန်တော်နဲ့ ရွှေယမင်း စတဲ့ကျေးရွာတွေက ဒေသခံ၁သောင်း နီးပါးထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၂သန်းနီးပါး ရှိလာနေပြီး အဲ့ဒီထဲမှာ ၇၇၈,၉၀၀ဟာ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေဖြစ် တယ်လို့ ကုလသမဂ္ဂ လူသား ချင်းစာနာမှုဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး UNOCHA က ဩဂုတ်လ  ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button