သတင်း

နန့်ယားဂိတ်မှာ ခရီးသည်ကားနဲ့ကုန်ကားတွေရာချီ ပိတ်မိနေဆဲ

ကားမိုင်းဖားကန့်လမ်းကြောင်းပေါ်မှာရှိတဲ့ နန့်ယားကျေးရွာ ယာဥ်ရပ်နားဂိတ်မှာ ခရီးသည်ကနဲ့ကုန်ကား‌တွေ ဒီညနေထိ ရာနဲ့ ချီပိတ်မိနေဆဲဖြစ်တယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။

နန့်ယားစစ်တပ်ဂိတ်မှာ ဩဂုတ်လ ၂၂ ရက်နေ့ မနေ့က မနက်ပိုင်း ကားမိုင်းဘက်ကနေ ဖားကန့်ကို တက်လာတဲ့ စစ်ကြောင်းကို ကျောက်ထုရွာနားမှာ ပစ်ခတ်ခံရတဲ့‌နောက် နန့်ယားဂိတ်ဖြတ်သန်းသွားလာခွင့်ကို ပိတ်ဆို့လိုက်တဲ့အတွက် ဒီညနေထိပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့တော့ တိုက်ပွဲဖြစ်တဲ့အသံ မကြားရဘူးပေါ့၊ ဒါပေမဲ့ ခရီးလမ်းက သွားလို့မရဘူးလို့ ပြောနေကြပါတယ်ဗျဟု ဖားကန့်မြစ်ကြီးနား ခရီးသည်တင်ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခုလက်ရှိ နန့်ယားကျေးရွာမှာ ခရီးသည်နဲ့ကုန်ပစ္စည်းတင်ယာဥ်  ၂၀၀ လောက်ရောက်ရှိနေပြီး ခရီးသည်အနေနဲ့ ရွာထဲမှာရှိတဲ့ စာသင်ကျောင်း၊ စားသောက်ဆိုင်များ၊ ဘုန်းကြီးကျောင်းတွေမှာ တည်းခိုနေထိုင်နေရတယ်လို့ သိရပါတယ်။

မြစ်ကြီးနားဖားကန့် လမ်းမကြီးဟာ ဖားကန့်ဘက်ကို အခြေခံစားသောက်ကုန်အဓိက တင်ပို့တာဖြစ်တဲ့အတွက် လက်ရှိ နန့်ယားဂိတ်မှာ ပိတ်ထားတာကြောင့် ကုန်စျေးနှုန်း အဆမတန်မြင့်လာတယ်လို့ လုံးခင်းကျေးရွာနေပြည်သူတစ်ဦးက အခုလိုပြောပြပါတယ်။

နဂိုကတည်းက ဖားကန့်က အခြားဒေသတွေထက် စျေးကြီးတဲ့ ဒဏ်ကို ပိုခံရလေ့ရှိတယ်၊ဒီနေ့မနက်ဆို ကုန်စိမ်းတွေ ဝင်မလာခဲ့တော့ဘူး။ စားဆီတွေတောင် တစ်စလောက်တက်လာပြီလို့ လုံးခင်းဒေသခံတစ်ဦးက ပြောပါတယ်။

သြဂုတ်လ ၂၂ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းဟာ ကာမိုင်းကနေ ဖားကန့်ကို စစ်ကြောင်းထိုးလာတဲ့ရောက်ချိန် ကျောက်ထုကျေးရွာနားမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA,PDF ဘက်က စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိ သေဆုံးတာ‌တွေ ဖြစ်ခဲ့တယ်လို့ မြေပြင်သတင်းရင်မြစ်တွေဆီက သိရပါတဟ်။

ယနေ့မှာလည်း ဖားကန့်လမ်းကို နန့်ယားအထက်ဘက်မှာရှိတဲ့ ဖားကန့်လမ်းပိုင်း ၂ နေရာကို  KIA ဘက်ကလည်း ပိတ်ပင်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖားကန့်လမ်းကို ထိန်းချူပ်နိုင်ဖို့ ကြိုးစားနေပြီး ဩဂုတ်လ ၁၇ ရက်နေ့ကတည်းက စစ်ကား ၃ စီး စစ်အင်အား ၁၀၀ လောက်နဲ့ ဖားကန့်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့အပြင် လမ်းဘေးဝဲယာမှာရှိတဲ့ ကျေးရွာတစ်ချို့က အရပ်သားပြည်သူတွေလည်း လူသားဒိုင်းအနေနဲ့ဖမ်းဆီးသွားတာတွေရှိနေပါတယ်။

Show More

Related Articles

Back to top button