စစ်ပြေးဒုက္ခသည်များသတင်း

နန့်ယားမှာရောက်နေတဲ့ စစ်ကြောင်းကြောင့် ရွာပေါင်း ၇ ရွာကပြည်သူတွေကြိုတင် ထွက်ပြေးတိမ်းရှောင်နေရ

ဖားကန့်သွားလမ်းပေါ်မှာရှိတဲ့ နန့်ယားဂိတ်မှာ စစ်ကောင်စီစစ်ကြောင်းတွေရောက်ရှိနေလို့ နန့်ယားအထက်မှာရှိတဲ့ ရွာပေါင်း ၇ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်တယ်လို့ ဆိုင်းဖရာဒေသခံတွေဆီကနေ သိရပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့ကတည်း ကားမိုင်းကနေ စစ်အင်အား ၁၀၀ လောက်နဲ့ဖားကန့်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိ နန့်ယားစစ်တပ်ဂိတ်ထဲရောက်ရှိနေတဲ့ အပြင် နန့်ယားအထက်ကိုလည်း ဆက်ပြီးစစ်ကြောင်းထိုးလာနိုင်တာကြောင့် ဒေသခံပြည်သူတွေ ကြိုပြီးတိမ်းရှောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“အခု စိုးရိမ်တဲ့သူတွေရှိလို့ တချို့ကတော့ အထက်ဘက်ကို ရှောင်တယ်၊ တချို့ကတော့ နမ့်တိန်းဘက်ကို တိမ်းရှောင်တယ်၊ နမ့်ယားအထက်မှာရှိတဲ့ ရွာအားလုံးနီးပါးတော့ တိမ်းရှောင်ကုန်ပြီ။ ကွမ်ဆိုင်အထက်ဘက်ကသူတွေ တိမ်းရှောင်တယ်။ ဆိုင်းဖရာရွာကလည်း အများပိုင်း တိမ်းရှောင်ပြီ”လို့ ဆိုင်းဖရာကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရွာတွေဟာ နန့်ယားရွာအပါအဝင် နန့်ယားအထက်မှာ ရှိတဲ့ ဆိုင်းဖရာ၊ကပ်မှော်၊ ကွမ်စိုင်ဇွပ်၊ ခရိုင်ဒွန်း၊ ဂေါ့လူယန်၊ ဂတ်နွယ် စတဲ့ရွာဒေသခံတွေဖြစ်ပြီးနန့်ယား ခရစ်ယာန်ဘုရားကျောင်းမှာ အိမ်ထောင်စု ၄၀ ကျော်ရောက်ရှိနေပြီး တစ်ချို့ကတော့ နီးစပ်တဲ့ဆွေမျိုးတွေအိမ်နဲ့ တော၊တောင်တွေမှာ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ်လ လဆန်းပိုင်းကနေ ဖားကန့်ဘက်ကို စစ်ကား ၃ စီး စစ်အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းထိုးနေပြီး ဩဂုတ်လ ၁၇ ရက်နေ့ နမ္မတီးကနေစစ်ကြောင်း စထိုးတဲ့ရက်မှာ ကားမိုင်းဒေသခံ ၅ ယောက်ကို လူသားဒိုင်းအနေနဲ့ဖမ်းဆီးသွား တာတွေရှိပါတယ်။

ဒါကြောင့် ဩဂုတ်လ ၂၂ ရက်နေ့မှာတော့ ဖားကန့်ဘက်ကို စစ်တပ်ဘက်က စစ်ကြောင်းထိုးလာတဲ့ သတင်းကြောင့် မအူပင်ရွာက ဒေသခံတွေကြိုတင်ထွက်ပြေးခဲ့ ကြပေမယ့် စစ်ကောင်စီတပ်စစ်ကြောင်း မအူပင်ရွာကနေ ဖြတ်ကျော်သွားပြီဖြစ်တဲ့အတွက် လက်ရှိမှာတော့ မအူပင်ဒေသခံတွေဟာ နေရပ်မှာပြန်လည်နေထိုင်နေပြီဖြစ်ပါတယ်။

ဒါ့အပြင်ဩဂုတ် ၂၂ ရက်နေ့ မနက် အဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေ ကားမိုင်းကနေထွက်လာစဉ် နမ့်ယားမရောက်ခင် ကျောက်ထုကျေးရွာမှာ KIA ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာတွေရှိတဲ့အတွက်နမ့်ယားစစ်တပ်ကနေလည်း လက်နက်ကြီးတွေ ရမ်းတမ်းပစ်ခတ်ခဲ့တာကြောင့် နမ့်ယားကျေးရွာက နေအိမ်တချို့ ပျက်စီးထိခိုက်တာရှိပြီး အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ခုလိုထိုးစစ်ဆင် ချီတက်နေတာကြောင့် ကားမိုင်း-ဖားကန့် လမ်းပိုင်းကိုလည်း ပြည်သူများခရီးသွားလာခြင်းမပြုရန် KIA ဘက်ကနေ ယာယီပိတ်ပင်ထားကြောင်း သိရပါတယ်။

တိုက်ပွဲရှိတာကြောင့် ပြည်သူတွေဖြတ်သွားဖြတ်လာလုပ်ရင် စစ်တပ်စစ်ကြောင်းတွေက ဖမ်းဆီးပြီး ပြည်သူတွေ လူသားဒိုင်းပြုလုပ်လာမှာစိုးရိမ်လို့ ဒီတိုက်ပွဲအတွင်းပဲ ယာယီလမ်းပိတ်တယ်လို့ ကြားသိရတယ်။ စစ်ကြောင်းတွေရှိတာကြောင့် လုံခြုံရေးကြောင့် ယာယီပိတ်ပင်တယ်။ အရမ်းကြီးထူးခြားတာတော့ မရှိပါဘူး နမ့်ယားကနေ ဖားကန့်လမ်းပိုင်း KIA/PDF တွေကို လမ်းရှင်းလင်းရေးလုပ်ချင်လို့ လှုပ်ရှားထိုးစစ်ဆင်နေတယ်လို့ မြင်တယ်။ ဘာလို့ဆို တပ်မ ၃၃ ကလူတွေ အဲ့ထဲမှာပဲလှုပ်ရှားတယ်လို့မြင်တယ်” လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဩဂုတ် ၁၇ ရက်နေ့မှစပြီး နမ္မတီးဘက်ကနေ ကားမိုင်း-ဖားကန့်လမ်းပိုင်းသို့ ထိုးစစ်ဆင်ချီတက်လာပြီး လက်ရှိ နမ့်ယားစစ်တပ်ထဲဝင်ရောက် ရှိနေတဲ့အပြင် ဆက်လက်အပြင် အထက်ဘက်ကို ဆက်ပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် KIA  နဲ့ နှစ်ဖက်တိုက်ပွဲ အခြေအနေတင်းမာနေတာလည်း ဖြစ်ပါတယ်။

အလားတူ ဒီနှစ် ဧပြီလကလည်း  ဖားကန့်လမ်းပိုင်းသို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက နမ့်ယားအထက် ဆိုင်းဖရာကျေးရွာက ပြည်သူ ၅၀ ခန့်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် တိုက်ပွဲအတွင်း အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ပြီး ၁ ဦးသေဆုံးခဲ့ရပါတယ်။

Show More

Related Articles

Back to top button