သတင်း

ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန် စျေးနှုန်းအဆမတန် မြင့်တက်နေပြီး ကုန်ပစ္စည်းတစ်ချို့ပြတ်လပ်စပြုနေ

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ အခြေခံစားသောက်ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး တစ်ချို့စားသောက်ကုန်တွေ ပြတ်လပ်စပြုနေပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာ ကုန်ပစ္စည်းတွေကို အဓိက မုံရွာဘက်ကနေ ကုန်ကြောင်း၊ ရေကြောင်းတွေနဲ့ တင်သွင်းကြပေမယ့် အခုနောက်ပိုင်း ကုန်းကြောင်းနဲ့ရော ရေကြောင်းနဲ့ပါ သယ်ယူဖို့ အခက်အခဲ အမျိုးမျိုးရှိလာ တာကြောင့် ဒီလထဲ ကုန်စျေးနူန်းတွေတဟုန်ထိုး မြင့်တက်လာတာဖြစ်တယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

ကုန်စျေးနှုန်းတွေက တစ်ရစ်ရစ်တက်နေတာ တက်တဲ့နေ့တွေချည်းပဲ ကြက်ဥတစ်လုံး ၅၀၀ ရှိပြီ ဒါတောင်ဝယ်ချင်တိုင်းမရဘူး တချို့ဆိုင်တွေပစ္စည်းပြတ်နေတာ ခရမ်းချဥ်သီးက ဟိုနေ့ တစ်ပိသာ ၈၀၀၀၊ ၉၀၀၀၊ အခုမနေ့က ၁၀၀၀၀ ထိတက်သွားပြီလို့ ပြောပါတယ်။

ဟုမ္မလင်းမှာ အရင်က ဆားအုန်းဆီတစ်ပိသာ ကျပ် ၇၀၀၀၊ ၈၀၀၀ စျေးကနေ မနေ့ကအထိ ဆားအုန်းဆီတစ်ပိသာကျပ် ၁၄၀၀၀၊ ပဲဆီတစ်ပိသာ ကျပ် ၁၂၀၀၀ ကနေ မနေ့ကထိ ကျပ် ၂၀၀၀၀ အထိအဆမတန်စျေးတက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အရင်ဆိုကြက်သွန်ဖြူကတစ်ပိသာ ၃၅၀၀ ပဲလေ မနေ့က တော့၁၀၀၀၀ တဲ့အနီကောအဖြူကော၊ခရမ်းချဥ်သီးကဟိုနေ့က အဆိတ်သား ၂၅၀၀ မနေ့က ၁၀၀၀၀ ဒါတောင်ပစ္စည်းကပြတ်နေပြီ ဆိုင်တိုင်းမရတော့ဘူးလို့ ဟုမ္မလင်းဒေသခံတွေက ပြောပါတယ်။

အလားတူ ဟုမ္မလင်းမြို့နယ်ထဲမှာ ဆန်တစ်အိတ် ကျပ် ၁၅၀၀၀၀ ကနေကျပ် ၁၇၀၀၀၀ လောက်အထိစျေးတက်ပြီး အာလူး တစ်ပိတ်သာယခင်ကျပ် ၄၀၀၀ ကနေအခုကျပ် ၈၀၀၀ အထိစျေးတက်နေတယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ  ၂၀၂၂ ခုနှစ်နှစ်ကုန်ပိုင်းလောက်ကတည်းက ကုန်စျေးနူန်းတွေ တဖြေးဖြေးတက်လာရာကနေ ဒီနှစ်ဇွန်လကုန်လောက်ကတည်းစပြီး ပိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။

ကုန်စျေးနှုန်းအဆမတန်စျေးတက်နေတာနဲ့ပတ်သက်ပြီး ဟုမ္မလင်း ဒေသခံအမျိုးသားတစ်ဦးကလည်း ခုလိုပြောပါတယ်။

ဟုမ္မလင်းက ကြားညပ်သလိုဖြစ်နေတာ ဟုမ္မလင်းနဲ့ မုံရွာကြားမှာက ဂိတ်ပေါင်းစုံတယ် စစ်တပ်ဂိတ်၊ ရှမ်းနီဂိတ်၊ PDF ဂိတ်တွေပေါ့အစစ်အဆေးများတယ် ၊အကောက်အခွန်များတယ် အကောက်အခွန်က စစ်တပ်နဲ့ရှမ်းနီးဂိတ်တွေပါပဲယူချင်တာယူ တောင်းချင်သလိုတောင်းတာ ကားသမားတွေကမလာရဲတော့ဘူး ။အ့ကြောင့်ကုန်စျေးတွေတက်တာအကောက်ခွန်များတယ်၊ခြုံလုံရေးလည်းမကောင်းတော့မလာရဲကြဘူးလို့ ပြောပါတယ်။

ဟုမ္မလင်းဘက်လာမယ့်ကုန်ကားသမားတွေအတွက် မုံရွာ– ဟုမ္မလင်းကြားမှာ ရှမ်းနီနဲ့ စစ်တပ်ဂိတ်ပေါင်း ၂၀ ကျော်နဲ့ ရေကြောင်းနဲ့လာမယ့်စက်လှေသမားတွေအတွက်လည်း ရေကြောင်းတစ်လျှောက် အစစ်အဆေးများတဲ့အပြင် အကောက်အခွန်ဂိတ် ၁၀ ခုထက်မနည်းရှိတာကြောင့် ကားသမားတွေ ၊စက်လှေသမားတွေ မလာကြတော့လို့ ကုန်စျေးတက်တာတွေ၊ ကုန်ပစ္စည်းပြတ်တာတွေ ကြုံနေရတယ်လို့ ဟုမ္မလင်းဒေသခံအမျိုးသားတစ်ဦးကလည်း ခုလိုပြောပါတယ်။

ရေကြောင်းနဲ့လည်း စက်လှေသမားတွေကကြောက်တယ် ဟိုဘက်ဒီဘက် ပစ်ကြရင်ကြားကနေထိမှာဆိုးလို့နေ အခုလည်း မုံရွာကနေ ရိက္ခာတင်တဲ့သင်္ဘောတွေတက်လာလို့ ကုန်သင်္ဘောတွေ၊စက်လှေတွေကမတက်လာရဲတော့ဘုး အ့ာကြောင့်ပစ္စည်းပြတ်နေတာလို့ ပြောပါတယ်။

လက်ရှိမှာ မုံရွာဘက်ကနေ စစ်ကောင်စီ စစ်သင်္ဘောတွေ သြဂုတ် ၁၀ ရက်ကျော်ကတည်းကနေ ချင်းတွင်းမြစ်အတိုင်း ဟုမ္မလင်းဘက်တက်လာနေတာကြောင့် ရေကြောင်းကနေ ကုန်စည်ပို့ဆောင်တာတွေရပ်တန့်နေတာဖြစ်ပြီဒ ကုန်စည်ပြတ်လပ်တာနဲ့ကုန်စျေးတွေ မြင့်တက်နေတာဖြစ်ပါတယ်။

ကုန်ကြောင်းနဲ့ရောရေကြောင်းနဲ့ပါ ကုန်စည်တွေကိုသယ်ယူပို့ဆောင်နိုင်တဲ့ ဟုမ္မလင်းမြို့နယ်ထဲမှာ အခုလိုမျိုးကုန်စျေးနှုန်းအဆမတန်မြင့်တက်တာ အရင်နှစ်တွေမှာ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Show More

Related Articles

Back to top button