သတင်း

ကသာအမှတ် ၁ ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရ ရဲ ၁ ယောက်လက်ပြတ် ၃ ယောက်ကျည်ထိမှန်

စစ်ကိုင်းတိုင်း ကသာမြို့ အမှတ် ၁ ရဲစခန်းဝင်း ဒရုန်းနဲ့ပစ်ခတ်ခံရပြီး ရဲ ၁ ယောက်လက်ပြတ်ပြီး နောက်ထပ် ၃ ယောက်ကျည်ထိမှန်ထားတယ်လို့ ကသာကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဩဂုတ်လ ၂၃ ရက် ဒီမနေ့မနက် ၆နာရီခွဲလောက်က ရဲစခန်းဝင်းမှာရှိတဲ့ ရဲဝန်ထမ်းလိုင်းခန်းနားမှာ ဒရုန်းနဲ့ ဗုံး၂ လုံးပစ်ချခံရတာဖြစ်တယ်လို့ ကသာမြို့ခံတစ်ယောက်က KNG ကိုပြောပါတယ်။

မနက်အစောကြီး ဗုံး ၂ လုံးကွဲသံကြားရတယ်၊ တစခန်းလုံး ဆူညံပွက်လောရိုက်နေတာ၊ ရဲသုံးယောက် ထိသွားတယ်တဲ့ အရေးပေါ်ကားနဲ့ ခေါ်သွားတယ် တစ်ယောက်ကတော့ လက်ပြတ်သွားတယ်၊ နောက်တယောက်ကတော့ နဖူးကိုထိတာတဲ့ အခြေနေဆိုးတယ် သေဖို့များတယ်၊ နယ်ထိန်းတစ်ယောက်ရယ်ဆို သုံးယောက်ထိသွားတယ်ပေါ့လို့ ပြောပါတယ်။

ဒီပစ်ခတ်မှုကို ကသာကာကွယ်ရေးတပ်ဘက်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရရှိထားတဲ့သူတွေကိုတော့ ကသာဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။

စစ်ကိုင်းကချင်အစပ်မှာရှိတဲ့ ကသာမြို့ရဲ့ မြို့ပြင်ဂိတ် ဩဂုတ်လ ၁၇ ရက်နေ့မှာ ပစ်ခတ်ခံရတဲ့အပြင် ဩဂုတ်လ ၁၉ ရက်နေ့မှာလည်း ကသာရဲမင်းကြီးအိမ်နဲ့ ကသာရဲစခန်းပစ်ခတ်ခံရတာတွေ ရှိခဲ့ပါတယ်။

ခုရက်ပိုင်းက ကသာမြို့ထဲမှာတောင် တော်တော်အစစ်အဆေးကြမ်းလာတယ်လို့ ကသာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကသာမြို့နယ်ဟာ စစ်ကိုင်းကချင်အစပ်မှာရှိတဲ့မြို့နယ်ဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် ကာကွယ်ရေးတပ်တွေအားကောင်းတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button