သတင်း

စစ်ရေးတင်းမာနေတဲ့ ဖားကန့်လမ်းပိုင်း ၂ နေရာမှာ KIA ဘက်က ပိတ်ဆို့ထား

စစ်ရေးတင်းမာနေတဲ့ ကားမိုင်း- ဖားကန့်သွားလမ်းမပေါ်မှာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ကဘက် ဒီမနက်ကစပြီး နေရာ  ၂ နေရာကို လမ်းပိတ်ဆို့ထားတယ်လို့ KIA နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။

ခုလို လမ်းပိတ်ဆို့ထားတာဟာာ နန့်ယားကျေးရွာမှာရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်း ဖားကန့်ဘက်ကို ဆက်ပြီးတက်လာလို့မရအောင် မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်ထုနဲ့ ဂေါ့လိုယာန်နေရာနားက နေရာ ၂ နေရာမှာ ပိတ်ဆို့ထားဖြစ်တယ်လို့ KIA နဲ့ နီးစပ်သူ ဒေသခံတစ်ယောက်ကပြောပါတယ်။

“နန့်ယားမှာ ရောက်နေတဲ့ စစ်ကြောင်းတွေက ဖားကန့်ဘက်ကို ပြန်တက်ဖို့ ကားတွေလိုက်ငှားနေတယ်လို့ကြားတယ်။ အဲ့ဒါကြောင့် KIA ကြားသွားလို့ထင်တယ် ဒီနေ့မှာ ဘယ်သူမှ ပြန်မသွားမကြဖို့ ပြန်ပိတ်ထားတယ်။ အခုဆို ဖားကန့် လမ်းက တိတ်ဆိတ်နေတာပဲဟုတ်တယ်”

ဒ့ါအပြင် ဖားကန့်လမ်းမှာ မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့အတွက် ဖားကန့်ဘက်ကို တက်လာကြတဲ့ ကုန်းကားနဲ့ခရီးသည်ကားတွေကိုတော့နန့်ယားစစ်တပ်ဂိတ်မှာ စစ်ကောင်စီက ပိတ်ဆို့ခဲ့ပေမယ့် ဒီကနေ့ မနက်မှာပြန်လည်သွားလာခွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

ဒါပေမယ့် KIA ဘက်ကနေ ထပ်မံပိတ်ဆို့ထားတဲ့အတွက် နန့်ယားအထက် အောက် ၂ နေရာမှာ ခရီးသည်နဲ့ကုန်ကားတွေပိတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိ ဖားကန့်မြို့မှာတော့ ဒီမနက်ကုန်စိမ်းအဝင်တွေမရှိတော့တဲ့အတွက် ကုန်စျေးနူန်းတွေလည်း မနေ့ကထက် တစ်ဆမြင့်တက်နေတယ်လို့ ဖားကန့်မှာနေထိုင်တဲ့အရပ်သားပြည်သူတစ်ဦးက ပြောပါတယ်။

“ဒီမနက်ကတည်းက ရပ်ကွက်တွေမှာ  ဆိုင်ကယ်နဲ့ကုန်စိမ်းလိုက်ရောင်းတဲ့စျေးသည်တွေ ကုန်ကားအဝင်မရှိလို့ ရောင်းစရာမရှိဘူးဆိုပြီး ပြန်ခေါက်လာကြတယ်။ ပြီးတော့ မနေ့က စားဆီတစ်ဗူး ၉၀၀၀ တန်က ဒီမနက် ၁၂၀၀၀ ထိတက်နေပြီ” လို့ပြောပါတယ်။

 ဒါ့အပြင် လက်ရှိမှာ ၂ ဖက်တပ်စစ်ရေးတင်းမာတာတွေရှိနေသေးတာကြောင့် ဖားကန့်လမ်းတစ်လျှောက်မှာရှိတဲ့ နန့်ယားကျေးရွာအပါ ဆိုင်းဖရာ၊ ပျားအုံ၊ တံတားညီနောင်နဲ့ ခွမ်စိုင်ဇွပ် စတဲ့ကျေးရွာနေ ဒေသခံတွေက နီးစပ်တဲ့ နေရာတွေမှာ တိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

လက်ရှိ နန့်ယားစစ်တပ်မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဩဂုတ်လ ၂၂ ရက်နေ့ ကားမိုင်းဘက်ကနေ တက်လာတဲ့အချိန် ကျောက်ထုကျေးရွာအရောက်မှာ KIA ရဲ့စောင့်ကြိုတိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်။

အခုလို တိုက်ခိုက်ခံလိုက်ရတဲ့အတွက် နန့်ယားစစ်တပ်ကုန်းက တစ်ရက်လုံး လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် နန်းယားကျေးရွာထဲမှာ လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့အတွက် အမျိုးသမီးတစ်ယောက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button