အင်တာဗျူး

KIO ဌာနချုပ် နှင့် ကချင်တစ်ပြည်နယ်လုံး စစ်ရေးအခြေအနေ မေးမြန်းချက်

အာဏာသိမ်းစစ်တပ်ဟာ KIO ဌာနချုပ်နယ်မြေ နမ်ဆန်ယန် (Namsan Yang) ကျေးရွာကို ခြေကုပ်အခြေချတပ်စွဲနေထိုင်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေပေမယ့် တစ်လကျော်ကြာလာတဲ့အထိ ထိရောက်တဲ့ စစ်ဆင်ရေးလုပ်နိုင်တာမရှိသလို ထိခိုက်သေဆုံးပြီး အထိနာ နေပါတယ်။

ဇူလိုင် လကုန်းပိုင်းကစပြီးတော့ မြေပြင်စစ်ဆင်ရေး စတင်လာတဲ့ စစ်ကောင်စီတပ်ဟာ နမ်ဆန်ယန်ဘက်ကို ဝင်ရောက်နိုင်ဖို့ မြစ်ကြီးနား၊ ဗန်းမော်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

နမ်ဆန်ယန်ဘက်ကို ဝင်ရောက်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒေါ့ဖုန်းယန်၊ အောင်ဂျာ၊ ခလား၊ မဒီးယာန်စတဲ့ ကျေးရွာအနီးတစ်ဝိုက်မှာ ပိတ်ဆို့တိုက်ခိုက်ခံရတာတွေကြောင့် စစ်အင်အားအများအပြား ဒီကနေ့ထိ ပိတ်မိနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ နမ်ဆန်ယန်ဘက်ကို နည်းအမျိုးမျိုးနဲ့ဝင်ရောက်ဖို့ ကြိုးစားနေတဲ့အပြင် တစ်ဖက်မှာလည်း စစ်တပ်အတွက် ဝင်ငွေအကောင်းဆုံးနယ်မြေဖြစ်တဲ့ ဖားကန့်ဘက်ကို  KIA ဘက်က တန်ပြန်တိုက်ခိုက်နေပြီး စစ်တပ်စခန်းတွေကို ခုရက်ပိုင်း ဆက်တိုက် သိမ်းပိုက်နေတာဖြစ်ပါတယ်။

လက်ရှိ ကချင်ပြည်နယ်ထဲမှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။     လက်ရှိ ကချင်ပြည်နယ်ဘက်ကို စစ်တပ်ရဲ့စစ်ရေးလှုပ်ရှားတဲ့အခြေနေ ဘယ်လိုရှိနေလဲ

ဖြေ။      ခုမင်းအောင်လှိုင်က ရှမ်းပြည်က ပြည်သူ့စစ်တွေကို ကချင်ဘက်ကို ပို့နေပြီလို့ သိရတယ်။ ရှမ်းပြည် မူဆယ်၊ တာမညဲ၊ နမ့်ဖတ်ကာဘက်တွေမှာ စစ်သင်တန်းပေးနေတာကြာပြီ သင်တန်းမှာ လက်နက်ကြီးပစ်ခတ်နိုင်တဲ့အထိ သင်တန်းပေးထားပြီး ဖြစ်တယ်။

အဲပြည်သူ့စစ်တွေကို မန်းလေးပို့တယ် မန်းလေးကနေ လေကြောင်းလိုင်းနဲ့ ကချင်ပြည်နယ် ဗန်းမော်ဘက်ကို ပို့တယ်။ အင်အား ဘယ်လောက်လဲ ဆိုတာတော့ တိတိကျကျတော့ မသိရသေးဘူး။ ရှမ်းပြည်မှာ ပြည်သူ့စစ်အဖွဲ့ ၅၀ ကျော်ရှိတော့ ဒီဘက်ကို ဘယ်လောက်ပို့လာသလဲတော့ မသိဘူး။ ဒါပေမယ့် သူတို့ ကချင်ဘက်ကို ရှမ်းပြည်က ပြည်သူ့စစ်တွေသုံး နေရပြီ ဆိုကတည်းက မင်းအောင်လှိုင်အဖွဲ့တွေက စစ်အင်အား အရမ်းနည်းနေပြီဆိုတာ သိသာနေပြီ။

မေး။     ဗန်းမော်မှာရောက်နေတဲ့ စစ်တပ်ရဲ့အခြေနေကော ဘယ်လိုရှိနေပြီလဲ၊ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထပ်ဖြည့်လာတာရှိလာပြီလား။

ဖြေ။      ခုလောလောဆယ်တော့ ဗန်းမော်မှာ စစ်အင်အားနဲ့လက်နက်ရိက္ခာတွေကို တော်တော်ပို့ထားပြီ ပြီးတော့ ဗန်းမော်မှာ ပို့ထားတဲ့စစ်အင်အားထဲမှာ ရှမ်းပြည်ဘက်ကလည်းပါလာတယ်လို့ သိရတယ်။ အတည်ပြုလို့မရတဲ့သတင်းအရ စက်လှေတွေနဲ့တက်လာမယ်ဆိုတာတော့ကြားနေရတယ်။ ပြီးတော့ ကုန်းကြောင်းကနေလည်း စစ်ကြောင်းထိုးလာနိုင်တယ် ခုဗန်းမော်မှာလည်း စစ်တပ်လက်နက်ရိက္ခာတွေရောက်နေလို့မြို့အဝင်အထွက်တောင် ပိတ်ထားတယ်ဆိုတာ သိရတယ်။ ဒါတွေအားလုံးက နမ်ဆန်ယန်ဘက်ကို ရောက်လာနိုင်တယ်။

မေး။     အဲတော့ နမ်ဆန်ယန်ဘက်ကို စစ်တပ်က ဇူလိုင်လကတည်းက စစ်ကြောင်းထိုးနေတာ ဒီအခြေနေလေးကိုလည်း ပြောပေးပါအုံး။

ဖြေ။      ခုလောလောဆယ်က နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးထားတဲ့တပ်တွေ မဒီးယာန်၊ အောင်ဂျာဘက်မှာရောက်နေတဲ့ စစ်ကြောင်းတွေကို အထဲမှာ ပိတ်မိနေတာ တစ်လကျော်လာပြီ သူတို့ကတော့ ဘာမှမတတ်နိုင်တော့ဘူး။ ရှေ့ဆက်လည်းမဟုတ် လှုပ်လို့ကိုမရတော့တဲ့ အခြေနေဖြစ်နေပြီ။ ခုဗန်းမော်မှာရောက်နေတဲ့ စစ်အင်အားတွေ စစ်လက်နက်ရိက္ခာတွေ ရောက်လာရင်တော့ ပြန်လှုပ်လာကြမလား မသိဘူး။ ခုတော့ ကျနော်တို့ဘက်က လက်နက်ကြီးတွေနဲ့ ဒရုန်းတွေနဲ့ပစ်ခတ် တိုက်ခိုက်နေတော့ သူတို့ဘာမှကိုမလှုပ်နိုင်တော့ဘူး။ အဲမှာရောက်နေတဲ့ထဲက ၈၀ ကျော်လောက်သေပြီလို့ သတင်းရထားတယ်။

မေး။     ကချင်မှာ လတာအတွင်း တိုက်ပွဲအခြေနေလေးသိပါရစေ။

ဖြေ။      တိုက်ပွဲကြာရှည်ဖြစ်တာက နမ်ဆန်ယန်ဘက်မှာဟုတ်တယ် အဲဘက်မှာလည်း စစ်တပ်ရဲ့စစ်ကြောင်းတွေ ပိတ်ခံထားရ တိုက်ခိုက်ခံထားရတော့ သေတာ ၈၀ ကျော်နေပြီ။ ဖားကန့်ဘက် ဆယ်ဇင်းမှာလည်း တိုက်ပွဲရက်ရှည်မဟုတ်ပေမယ့် ခနတွင်းမှာ တိုက်ပွဲကတော်တော်ပြင်းထန်သွားတယ်။ အဲမှာလည်း စစ်တပ်ဘက်က သတင်းမှားပေးလို့ သူတို့တပ်နဲ့ SNA တွေနားနေတဲ့ နေရာမှာ လေယာဉ်နဲ့ဗုံးမှားကြဲတာ။ အဲမှာလည်း သူတို့ဘက်က ၃၀ ကျော်သေတယ်။ ဒီ ၂ လထဲမှာ ပြောရမယ်ဆိုရင် စစ်တပ်ဘက်က ၁၀၀ ကျော် လောက်ရှိပြီသေတာ ဆယ်ဇင်းမှာဆိုရရင် အရာရှိအဆင့်တွေ တော်တော်များများလည်း ပါသွားတယ်လို့ သိရပါတယ်။

မေး။     တစ်ဆက်တည်း ဖားကန့်ဘက်ရဲ့အခြေနေကိုလည်း ပြောပေးပါ။

ဖြေ။     ။ သိပ်တော့ မထူးခြားဘူး ဒါပေမယ့် တပ်မ ၃၃ လက်အောက်ခံတွေက သူတို့နယ်မြေအတွင်းမှာ နယ်မြေရှင်းလင်းရေး လုပ်တဲ့သဘောဖြစ်နိုင်တယ်လို့တော့ယူဆရတယ်။

မေး။     ရှေ့ဆက်ပြီးကော တိုက်ပွဲအခြေအနေဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ။      စစ်ရေးကတော့ ပိုဆိုးလာမယ့်အခြေနေရှိလာနိုင်တယ်။ ခုတိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အဓိက စစ်ကောင်စီကို တိုက်နေတာက KNU KNDF CDF KIO ဒီအဖွဲ့တွေဖြစ်တယ်။ ကရင်ဘက်မှာက ပြီးခဲ့တဲ့နှစ်တွေမှာ တော်တော်တိုက်ပွဲ ပြင်းထန်သွားပြီဆိုရင်တော့ ခုဒီဘက်မှာ ပြင်းထန်လာနိုင်တယ်။ သူတို့ဘက်ကလည်း မီးကုန်ယမ်းကုန်လေကြောင်းတွေနဲ့ပါ တိုက်ခိုက်လာနိုင်တယ်။ ကျနော်တို့ဘက်ကလည်း အားကုန်တိုက်ခိုက်မှာဆိုတော့ ကချင်မှာက ရှေ့ဆက်တိုက်ပွဲပြင်းထန်လာမှာဘဲ။ ကျနော်တို့က ပြည်သူတွေအတွက် လူမျိုးအတွက်ဆိုပြီး ဆုံးဖြတ်ပြီးတော်လှန်ရေးလုပ်နေတာဆိုတော့ ခက်ခဲလည်း ပြည်သူတွေနဲ့ တစ်သားတည်း စစ်အာဏာရှင်ကိုတိုက်သွားမှာပါ။

Show More

Related Articles

Back to top button