သတင်း

တပ်မ ၈၈ လက်အောက်ခံ တပ်သား ၃ ဦး မြို့လှ KPDF တပ်ရင်းဆီမှာ အလင်းဝင်လာ

ကချင်ပြည်နယ် ဗန်မော်ခရိုင်ထဲမှာ စစ်ရေးလှုပ်ရှားနေကြတဲ့ စစ်ကောင်စီရဲ့ တပ်မ ၈၈ လက်အောက်ခံတပ်က တပ်သား ၃ ဦးဟာ KIA တပ်မဟာ ၈ ၊ အမှတ် ၅ တပ်ရင်း မြို့လှ K-PDF ထံမှာ အလင်းဝင်ရောက်လာတယ်လို့ မြို့လှ K-PDF ကမနေ့က ထုတ်ပြန်ထားပါတယ်။

အကြမ်းမဖက်အာဏာဖီဆန်ရေး CDM ဝင်ရောက်လာသူတွေဟာ တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၈ တပ်ရင်းက တပ်သား ရဝေအောင်၊နိုင်လင်းဦးနဲ့ ခလရ ၄၃၇ က တပ်သားဇော်မင်းထွေးတို့ဖြစ်တယ်လို့ မြို့လှ K- PDF က တာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။

“ဝင်လာတာတော့ တစ်လလောက်ရှိပြီပေါ့နော် ကျနော်တို့ဘက်က အခြေနေအရ ထုတ်ပြန်လို့ အဆင်မပြေသေးလို့ မထုတ်ပြန်ခဲ့တာပါ ခုက သူတို့တွေကို သူတို့သွားချင်တဲ့နေရာကိုပို့ဆောင်လိုက်ပါပြီ” လို့ ပြောပါတယ်။

ဒါ့အပြင် CDM ဝင်ရောက်လာခဲ့တဲ့ တပ်သား ၃ ဦးကို မြို့လှ K-PDF ဘက်က လူ့ဂုဏ်သိက္ခာနဲ့အညီ စောင့်ရှောက်ကူညီပေးခဲ့သလို နောက်ထပ် CDM ဝင်ရောက်လာချင်သူတွေကိုလည်း ကြိုဆိုကြောင်းနဲ့ စစ်ကိုင်း- ကချင်အစပ်ဒေသတစ်လျှောက်မှာ စစ်ရေးလှုပ်ရှားနေတဲ့ထဲက ဒီနှစ်ထဲ CDM ဝင်ရောက်လာသူ ၁၀ ဦးကျော်ရှိလာပြီလို့လည်း သူကဆက်ပြောပါတယ်။

“ စာရင်းတိတိကျကျတော့ စစ်ရေးရုံး CDM စာရင်းကိုင်ထားတဲ့သူတွေဘဲသိမယ် ဒါပေမယ့် ခန့်မှန်းခြေအရတော့ ဒီနှစ်ထဲမှာကို ၁၀ ယောက်ကျော်လောက်ရှိပြီ CDM ဝင်လာတဲသူတွေက ဝင်လာတဲ့သူတွေအားလုံးကိုလည်း ကျနော်တို့ဘက်ကတော့ အကောင်းဆုံးကူညီပေးနေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ တပ်မ ၈၈ လက်အောက်ခံတပ်တွေဟာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲမှာရှိတဲ့ ဗန်းမော်မြို့နယ်၊ ရွှေကူမြို့နယ်အပြင် စစ်ကိုင်းတိုင်း ကသာမြို့နယ်၊မြို့လှနယ်တစ်လျှောက် စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး စစ်တပ်ဘက်က အရင်နှစ်တွေလို စစ်ဆင်ရေးလုပ်နိုင်တာ မရှိတော့ဘဲ အထိုင်စခန်းတွေသာရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁ ရက်နေ့မှာလည်း ရွှေကူ ကျောက်ကြီးတိုက်ပွဲမှာ စစ်တပ်ဘက်က တပ်သားတစ်ဦး လက်နက်ချအညံ့ခံဝင်ရောက်လာသူတွေလည်းရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button