လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မော်တိတ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ ပျဥ်တွေကို ခိုးထုတ်ရောင်းချနေ

အင်းတော်မြို့နယ် မောတိတ်ကျေးရွာမှာ ဒေသခံတွေအိမ်ဆောက်ဖို့ စုဆောင်းထားတဲ့ ပျဥ်တွေကို စစ်ကောင်စီက ခိုးထုတ်ပြီးတော့ ရောင်းချနေတယ်လို့ သိရပါတယ်။

စစ်အင်အား ၇၀ ဝန်းကျင်လောက်ရှိတဲ့ တပ်မ ၇၇ စစ်ကြောင်းတစ်ကြောင်းမှာ ပြီးခဲ့တဲ့ မေလကတည်းကနေ မော်တိတ်ကျေးရွာထဲတပ်စွဲနေထိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေရဲ့ ပျဥ်တွေကို ခိုးထုတ်ရောင်းချနေတယ်လို့ အသက် ၄၀ ကျော် မော်တိတ်ဒေသခံ အမျိူးသားတစ်ဦးက KNG ကို ပြောပါတယ်။

လွန်ခဲ့တဲ့လကတည်းကနေ ခိုးထုတ်နေတာလေး အခု ကား ၄ စီးရှိပြီ။ ကျွန်တော်တို့ တွေ့သလောက်တော့ ၆ ဘီးကားတွေ ၁၂ ဘီးကား ကြီးတွေနဲ့ သယ်ထုတ်နေတာ သူတို့ကအင်းတော်မြို့ထဲကိုသယ်ပြီးရောင်းတာဟိုမှာလည်း ဝယ်တဲ့လူရှိတယ်လေးလို့ သူက ပြောပါတယ်။

အထူးသဖြင့် စစ်ကောင်စီကို ထောက်ခံတဲ့ ဒေသခံပျူစောထီး ကားသမားတွေနဲ့ ပူးပေါင်းပြီး မော်တိတ် ဒေသခံတွေ အိမ်ဆောက်ဖို့ စုဆောင်းထားတဲ့ ပျဥ်အခင်း၊ အိမ်တိုင်တွေကို အင်းတော်မြို့ထဲကို ခိုးထုတ်ရောင်းချနေတယ်လို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ပျဥ်တွေကိုခိုးထုတ်ရောင်းနေတဲ့အပြင် လူမရှိတဲ့နေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေကိုလည်း လိုက်လံခိုးယူနေတယ်လို့ ဆိုပါတယ်။

အခုလည်း နွားအဝယ်တွေလိုက်ရှာနေတယ်တဲ့ အင်းတော်ဘက်က အဝယ်ရှိရင် အခုနွားတွေခိုးထုတ်ရောင်းပြန်အုံးမယ်ထင်တယ် ဒေသခံတွေက တောထဲတောင်ထဲပြေးနေရတော့ဘာမှမတတ်နိုင်ဘူးလို့ အထက်ပါ မော်တိတ်ဒေသခံအမျိုးသား က ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်စစ်ကိုင်းအစပ် အင်းတော် ဗန်းမောက်ကားလမ်းပေါ်က မော်တိတ်ဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် အခုနှစ်ဆန်းပိုင်းကတည်းက အင်အားသုံး အထိုင်တပ်ချလာတာဖြစ်ပြီး လက်ရှိ နန့်သာရွာနဲ့ မော်တိတ်ရွာထဲမှာ စစ်ကြောင်းတွေရှိနေတာကြောင့် မော်တိတ်ဒေသထဲက ကျေးရွာပေါင်း ၁၀ လောက် စစ်ရှောင်နေရတာဖြစ်ပါတယ်။

အင်းတော်မြို့နယ်ဟာ အာဏာသိမ်း ၂ နှစ်အကြာမှာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်ဖြစ်သလို အရပ်သားဖမ်းဆီးခံရမှုအများဆုံး ကြုံနေရတဲ့မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button