သတင်း

မိုးကောင်း ဇင်ယော်ဆီဆိုင်ပိုင်ရှင်အမျိုးသမီး ဖမ်းဆီးခံရပြီးတဲ့နောက် အချုပ်ထဲမှာသေဆုံး

ကချင်ပြည်နယ် မိုးကောင်းမြို့က ဇင်ယော်စက်သုံးဆီဆိုင်ပိုင်ရှင်လင်မယား ဖမ်းဆီးခံသွားပြီးတဲ့နောက် အမျိုးသမီးဖြစ်သူ ဒေါ်ခင်မာရွှေ အချုပ်ထဲမှာသေဆုံးသွားခဲ့တယ်လို့ မိုးကောင်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ညမှာ ဇင်ယော်စက်သုံးဆီဆိုင်ကို စစ်ကောင်စီတပ်ကPDFတွေကိုထောက်ပံ့တယ်လို့ဆိုပြီး စက်သုံးဆီဆိုင်ကိုလည်းဖြိုချခဲ့သလို ဆိုင်ဖြိုချခံရပြီးရက်ပိုင်းမှာပဲ ပိုင်ရှင်တွေဖြစ်တဲ့ ဒေါ်ခင်မာရွှေ နဲ့ အမျိုးသားဖြစ်သူတို့ ဖမ်းဆီးသွားခံခဲ့ရတာဖြစ်ပါတယ်။
“ကျနော်တို့သိရသလောက် စစ်ကြောရေးမှာလက်လွန်သွားပြီး မိုးကောင်းအချုပ်ရောက်မှ သေဆုံး သွားတဲ့ သဘောရှိတယ် မနေ့ကမနက်အစောပိုင်းလောက်မှာပဲ ရဲတွေ နဲ့ မီးရှို့သဂြိုဟ်လိုက်တယ် လို့သိရတယ်” လို့ ဒေသခံအမျိုးသားတစ်ယောက်ကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဇင်ယော်ဆီဆိုင်ပိုင်ရှင် ဦးမိုးကျော်နဲ့ ဒေါ်ခင်မာရွှေတို့ကို PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးမိုးကျော်တို့ ပိုင်ဆိုင်တဲ့ မြစ်ကြီးနား– မိုးကောင်းမြို့ – ဖားကန့်လမ်းမပေါ်မှာရှိတဲ့ ဇင်ယော်ဆီဆိုင် ၂ ဆိုင်အပါအဝင် နေအိမ်ထဲကို စက်တင်ဘာ လ ၂ ရက်နေ့ညမှာ ဝင်စီးပြီးတော့ ဆိုင်ဝန်ထမ်း အယောက် ၂၀ ကျော်ကိုဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
ဆိုင်ဝန်ထမ်းတွေကိုဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဇင်ယော်ဆီဆိုင်ပိုင်ရှင် ဇနီးမောင်နှံကို လူကိုယ်တိုင်လာပြီး လာရောက်ဖြေရှင်းပေးဖို့ ပြောလာတာကြောင့် ဇနီးမောင်နှံနှစ်ဦးစလုံး မိုးကောင်းရဲစခန်းမှာ အဖမ်းခံလိုက်တယ်လို့ သိရပါတယ်။
အဲဒီနောက် ဒေါ်ခင်မာရွှေဟာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာသေဆုံးခဲ့တာမဟုတ်ဘဲစစ်ကြောရေးပြီးတဲ့နောက် မိုးကောင်း အချုပ်ထောင်မှာသေဆုံးခဲ့တာလို့ သူကပြောပါတယ်။
“သူတို့က ဆိုင်ဖြိုချခဲ့ရတဲ့နေ့ကတော့ သူတို့ရှောင်လိုက်နိုင်တယ် ဒါပေမယ့် သူ့ရဲ့ဆိုင်ကကလေးတွေကို ဖမ်းသွားတယ်ဆိုတော့ သူလည်း လာပြန်ဖြေရှင်းတဲ့သလောမျိုးနဲ့လာတွေ့ပြီး လာအဖမ်းခံခဲ့တာ အဲ့တာနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပါသွားတာ သိပ်မကြာဘူး စစ်ကြောရေးကနေပြန်လွတ်လာတာ အဲ့တာလွတ်လာပြီးမှပဲ အခုလိုဖြစ်သွားတာ”လို့ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မိုးကောင်းမြို့မှာပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ အထက ၁ ကျောင်းလာကြိုတဲ့ ကား ပစ်ခတ်ခံရပြီးနောက် စစ်သားတွေဟာ မြို့တွင်းမြို့ပြင်လုံခြုံရေးတင်းကြပ်ပြီး မသင်္ကာတဲ့ အရပ်သားပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးလာပြီး ဖမ်းဆီးခံထားရသူ လူဦးရေ တစ်ရာကျော်ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။
အဲဒီဖမ်းဆီးခံသွားရတဲ့ထဲက ဩဂုတ်လ ၂၇ရက်နေ့ကလည်း နတ်ကြီးကုန်း ပျော်လင့်ရွာကဦးဝဘော်တန်ဂွန်းဆိုသူ လည်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာပဲ သေဆုံးခဲ့ပါသေးတယ်။
မိုးကောင်းမြို့မှာ ဩဂုတ်လ ၁၉ ရက်ကနေ စက်တင်ဘာလ ၂ ရက်နေ့ထိ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၀၀ ကျော်ရှိလာတဲ့အပြင် စစ်ကောင်စီတပ်တွေက မြို့တွင်းမြို့ပြင် စစ်ဆေးရေးတင်းကြပ်တာတွေကြောင့် မိုးကောင်းမြို့မှာ ညပိုင်းအပြင်ထွက်သူမရှိသလောက် နည်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Show More

Related Articles

Back to top button