သတင်း

ကျောက်စိမ်းတူးနေတဲ့ အမျိုးသားတစ်ဦး ရေကန်ထဲပြုတ်ကျပျောက်ဆုံးနေ

ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု ကထန်နဲ့ဆန်ခါရွာကြားမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်နေရာမှာ လက်လုပ်ကျင်းတူးနေတဲ့အမျိုးသားတစ်ဦး ရေကန်ထဲပြုတ်ကျပြီး ရေနစ်မြုပ်ပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအသင်းဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ  စက်တင်ဘာလ ၁၂ ရက်နေ့ ဒီမနက် အစောပိုင်းမှာ အရင်တောက်ပကြယ်ကုမ္ပဏီကျင်းဟောင်း နေရာတစ်နေရာမှာ လက်လုပ်ကျင်းကျောက်စိမ်းတူးနေရာကနေ အောက်ခြေရှိ ရေကန်ထဲကို ပြုတ်ကျသွားတာဖြစ်တယ်လို့ လူမှုကူညီရေးအသင်းတာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။

အမြင့်ပေ တစ်ရာကျော်လောက်ရှိမယ်၊အဲ့ဒီကနေ ကျခဲ့တာ၊အခုထိ ရှာမတွေ့သေးဘူးလို့ မြန်မာနိုင်ငံလူမှုကယ်‌ဆယ်ရေးအဖွဲ့ (Rescue) အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရေနစ်မြုပ်ပျောက်ဆုံးနေသူမှာ အသက် ၂၉ နှစ်အရွယ်ရှိ ကိုစန်းထူးဆိုသူဖြစ်ပြီး ပင်လည်ဘူးဒေသခံ ဖြစ်တယ်လို့ သိရပါတယ်။

ရေထဲပြုတ်ကျပျောက်ဆုံးသူကို ရှာဖွေရေးဆက်တိုက်လုပ်ဆောင်နေပေမယ့် မိုးအဆတ်မပြတ်ရွာသွန်းနေတာကြောင့် ကမ်းပါး‌မြေစာများ ထပ်ပြီးပြိုကျနေလို့ ကယ်ဆယ်ရှာဖွေရေးလုပ်ဆောင်ရာမှာ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ဖားကန့်‌မှာ အောက်တိုဘာလကစပြီး မေလအထိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ကုမ္ပဏီကြီးတွေက တူးဖော်လုပ်ကိုင်ခဲ့ကြပြီး၊မိုးရာသီကာလမှာဆိုရင် ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီကြီးတွေက ရပ်နားထားကြချိန် ဒေသတွင်းမှာရှိတဲ့ ရွှေပြောင်းလုပ်သား ရေမဆေးကျောက်ရှာသူတွေဟာ အစုအဖွဲ့ ဖွဲ့ပြီး တစ်နိုင်တပိုင်လုပ်ကိုင်ကြတာဖြစ်ပါတယ်။

ဒီချိန်မှာ ကုမ္မဏီတွေရပ်နားထားတဲ့ချိန်တွေဆို တပိုင်တနိုင်တူးကြတာ ခုပြုတ်ကျပျောက်ဆုံးနေတာကလည်း လက်နဲ့တပိုင်တနိုင်တူးတဲ့သူတွေဟုတ်တယ်လို့ဖားကန့်ဒေသခံတစ်ယောက်က ပြောပါတယ်။

ဖားကန့်ဒေသရှိ မနမှော်မှာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ တပိုင်တနိုင်ကျောက်စိမ်းတူးဖော်ကြတဲ့ ရေမဆေးကျောက်ရှာဖွေသူများပေါ်ကို မြေစာပြိုကျလို့ ရေနစ်မြုပ်ရာမှအမျိုးသား (၃၃) ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button