ဖမ်းဆီးခံရမှုသတင်း

ဗန်းမော်မှာ လူငယ် ၁၀ ယောက်ကျော် ဖမ်းဆီးခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်က လူသာဒိုင်းအသုံးပြုဖို့ရန်အတွက် လမ်းမပေါ်မှာ သွားလာတဲ့ လူငယ်အများအပြားကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၈ ရက် ဒီနေ့ ညပိုင်းလောက်ကနေ ဗန်းမော်မြို့အဝင်ပေါက် ဂေါက်ကွင်းလမ်းတောင့်နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက ပူးပေါင်းပြီး လမ်းသွားလာတဲ့ လူငယ် ၁၀ ယောက်ကျော်ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ဗန်းမော်ဒေသခံတစ်ယောက် KNG ကိုပြောပါတယ်။

မြို့ထဲဝင်လာတဲ့ ဂေါက်ကွင်းလမ်းတောင့်မှာ စောင့်ပြီးမှ လူငယ်တွေကို ဖမ်းနေတာဟုတ်တယ်။ ဖမ်းဆီးခံရတဲ့ လူငယ်တွေများတယ်လို့ပြောပါတယ်။ အခုလူငယ်တွေအချင်းချင်းပြောတာတောင် ၁၀ ယောက်ကျော်လောက်ရှိပြီ။ သူက ထွက်လာတဲ့သူတွေကော ဝင်လာတဲ့သူတွေ အကုန်ဖမ်းနေတာလို့ပြောပါတယ်။

ဒေသခံသတင်းအရင်းတွေရဲ့ ပြောဆိုချက်အရ လက်ရှိ စစ်ကောင်စီတပ်ဖမ်းဆီးထားတဲ့ အရေအတွက်သိရှိဖို့ ခက်ခဲနေဆဲဖြစ်ပြီးတော့ ဖမ်းဆီးခံရတဲ့ လူငယ်တွေနဲ့ နီးစပ်သူတွေက ၁၀ ယောက်အထက်ရှိတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေ လက်ရှိမှာ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတာကို မသိရပဲ ဗန်းမော်မြို့က တာဝန်ရှိသူတစ်ချို့က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတာတွေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ စစ်တပ်ရဲ့ လက်နက်ရိက္ခာတင်ဆောင်လာတဲ့ စစ်‌သင်္ဘော၆ စီးလည်း ဗန်းမော်ဘက်ကို ဆန်တက်နေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဖမ်းဆီးထားတဲ့ လူငယ်တွေကို ဗန်းမော်ကနေ နမ်ဆန်ယန်ဘက် လက်နက်ရိက္ခာပို့မယ့်လမ်းကြောင်း ရှေ့တန်းတိုက်ပွဲနယ်မြေဘက်မှာ ရိက္ခာသယ်ပို့ဖို့နဲ့ စစ်ကြောင်းထဲ ခေါ်ဆောင်သွားဖို့ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လလောက်ကနေ လက်ရှိဖမ်းဆီးမှုပြုလုပ်နေတဲ့ ဗန်းမော်မြို့အဝင် ဂေါက်ကွင်းနေရာနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ဒေသခံပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နက်တာတွေ ပုံမှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button