တိုက်ပွဲသတင်း

မြစ်ကြီးနားက လေတပ်စခန်းတိုက်ခိုက်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စစ်ကောင်စီရဲ့ လေတပ်စခန်းကို မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့က ရှော့တိုက်ဒုံးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့ မနေ့က မနက်ပိုင်း ၈နာရီလောက်မှာ ၉၀ မမ ၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၄လုံး နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် F-7 အမျိုးအစားတိုက်လေယာဥ်၂စင်း ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

“F-7 နှစ်စီးလုံးပြာကျသွားသလားတော့ အတိအကျမသိဘူး ဒါပေမဲ့ တော်တော်ထိခိုက်သွားတယ်ဆိုတာတော့အထက်လူကြီးတွေရော ကျနော်တို့အဖွဲ့ကော အတွင်းသတင်းလည်းရတော့ အတည်ပြုပါတယ်။ ဒီလေယာဥ်တွေက သင်မောင်းပုံစံတွေ၊ကင်းလှည့်တဲ့နေရာတွေမှာသုံးတယ်လို့ထင်တယ် ဟိုတုန်းကတော့ တိုက်လေယာဥ်တွေပေါ့ အခုတော့ကင်းထောက်တဲ့လေယာဥ်မျိုးပဲ “လို့ မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မြစ်ကြီးနားလေတပ်စခန်းပစ်ခတ်တိုက်ခိုက်ခံရမှုမှာ တိုက်လေယာဥ်  စင်းအပြင် လေတပ်ဆက်သွယ်ရေး တာဝါတိုင်၊ တိုက်လေယာဥ်စက်ပြင်တဲ့ဂိုဒေါင်နဲ့ လေတပ်အရာရှိတွေနေတဲ့အဆောင်တွေပါ ပျက်စီးမှုတွေရှိခဲ့တယ်လို့ မြောက်ပိုင်းညီနောင်များအဖွဲ့ NBPDF ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ကျနော်တို့ လေတပ်ကို ပစ်ခတ်ဖို့ကြိုးစားနေတာ ၁နှစ်ကျော်ပြီ ဒါကတော့ ဒုတိယအကြိမ်ပေါ့ ပထမတုန်းက ကိုယ့်လူတွေထိခိုက်မှုလည်းရှိနိုင်တော့ အရင်တစ်ခေါက်က အားလုံးဆင်ပြီးသားကိုဆုတ်လိုက်တာ။ ဒီတစ်ခါတော့ တစ်ပတ်လောက်ကို ကြိုပြင်ပြီးလုပ်ခဲ့တာလို့ မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်ကဆက်ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ရဲ့ လေတပ်စခန်းပစ်ခတ်တိုက်ခိုက်ခံရမှုအပြီးမှာတော့ မြစ်ကြီးနားမြို့ရဲ့မြို့ဝင် မြို့ထွက်တွေမှာ စစ်ဆေးတာတွေရှိသလို လေတပ်စခန်းရဲ့ အရှေ့ဘက်ဧရာဝတီမြစ်တစ်လျှောက်ကိုလည်း မော်တော် ဘုတ်တွေနဲ့လှည့်လည်စစ်ဆေးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

လေတပ်စခန်းတိုက်ခိုက်ခ့ရတာနဲ့ပတ်သက်ပြီး လေတပ်အနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ဒေသခံတွေကို မေးမြန်းကြည့်ရာမှာ လေတပ်စခန်းပစ်ခတ်ခံရတာဟာ မှန်ကန်ပေမယ့် စစ်တပ်ဘက်က သတင်းမထွက်အောင် တိုတိုတိတ်တိတ်လုပ်ဆောင်နိုင်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြတဲ့အပြင် ထိခိုက်မှုအခြေနေအသေးစိတ်ကိုလည်း KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီရဲ့လေတပ်စခန်းဟာ မြစ်ကြီးနားမြို့အဝင် မော်ဖောင်းရွာနားက ဧရာဝတီမြစ်နဲ့ ကပ်လျှက်မှာရှိတာလည်းဖြစ်ပါတယ်။

အဲ့ဒီလေတပ်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဧပြီလ ၁၇ရက်နေ့ကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာတွေရှိပေမယ့် ဒီတစ်ကြိမ်တိုက်ခိုက်ခံရတာဟာ ထိခိုက်ပျက်စီးမှု အဆိုးရွားဆုံးဖြစ်ပါတယ်။

Show More

Related Articles

Back to top button