တိုက်ပွဲသတင်း

ဆွမ်ပရာတိုက်ပွဲမှာ အထိနာခဲ့တဲ့စစ်ကောင်စီတပ် ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်

မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းမ တန်ဖရဲကျေးရွာတစ်လျှောက် စစ်ကောင်စီတပ်တွေဟာ စစ်အင်အားဖြည့်တင်းပြီး ရွာအဝင်အထွက်မှာ တပ်စွဲနေရာယူထားတဲ့အပြင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန်ဖရဲ -ကျိန်ခရန် – ဝိုင်ရှီ – ဖုန်အင်ယန် စတဲ့လမ်းကြောင်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၂၄ ရက်က စပြီး အခုလို လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ တန်ဖရဲကျေးရွာဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

ဒီမနက်အစောပိုင်းကတည်းက လမ်းသွားလမ်းလာ ပြည်သူတွေကို အကုန်စစ်နေတယ်။ ပြီးတော့ အားရှိတဲ့ လူငယ် လူလတ်တွေကိုတော့ ဖမ်းဆီးထားတာတွေရှိတယ်။ ဒီတလော တောက်လျှောက်ပဲ၊ မနေ့ကလည်း မနက်ပိုင်း ကျိန်ခရန်မှာ အားလုံးကိုစစ်တယ် ဖုန်းတွေအထိ စစ်ပြီး ကားတွေ၊ ဆိုင်ကယ်တွေ ယူထားတာတောင်ရှိတယ်။ မနေ့ကလည်း လူတချို့ပါသွားတယ်ကြားတယ်။ ဘယ်လောက်ပြန် ဖမ်းခံရပြီဆိုတာတော့ အတိအကျမသိဘူး” လို့ တန်ဖရဲကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ဆွမ်ပရာလမ်းမပေါ်ရှိ ဒရူချောင်းတံတားနားက စစ်ကောင်စီရဲ့  တပ်စခန်းတစ်ခုကို KIA နဲ့ Kagabu People’s Force (KPF) ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး မြစ်ကြီးနား- ပူတာအိုလမ်းသွားလာခွင့်မပြုဘဲ ခရီးသည်တွေကို တယန်ဇွပ်ကနေ ပြန်ခေါက်ခိုင်းခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ပြန်ခေါက်လာတဲ့ခရီးသည်တွေကို တန်ဖရဲရွာအဝင်မှာ လူငယ်တွေအပါအဝင် အသက်လတ်ပိုင်း အရွယ် ၁၀ ယောက်ကျော်ကိုဖမ်းဆီးပြီး စက်တင်ဘာလ ၂၂ ရက်နေ့ ဒရူချောင်းဘက်ကို စစ်အင်အား ၆၀၊ ၁၂ ဘိန်းကား ကား ၂ စီးနဲ့ စစ်ကြောင်းထိုးချိန်မှာ အရပ်သားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး စစ်ကြောင်းထိုးခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ စစ်ကောင်စီတပ်တွေရဲ့ ကား ၂ စီးကို တန်ဖရဲကျေးရွာအထက် ဝိုင်ရှီနဲ့ ဖုန်အင်ကြား နေ့လည် ၂ နာရီဝန်းကျင်ခန့် KIA တပ်မဟာ ၁ တပ်ရင်း ၄ က ကြားဖြတ်တိုက်ခိုက်လိုက်တာကြောင့် စစ်တပ်ဘက်က ၁၀ ယောက်ကျော် သေဆုံးခဲ့ပြီး လူသားဒိုင်းအဖြစ်ပါဝင်လာတဲ့ အရပ်သားတစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။

လူသားဒိုင်းအဖြစ် အသုံးပြုချိန် သေဆုံးသွားသူဟာ အာလမ်ကျေးရွာက အသက် ၅၀ကျော်အရွယ် ကလေး ၅ ယောက်ရဲ့ဖခင်ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ကား ၂ စီးနဲ့ သယ်ဆောင်လာတဲ့  လက်နက်သတ္တာကြီး ၁၇ ခု၊ ကျည်ဆံအိတ် ၃ အိတ် နဲ့ လက်နက်ကြီး လက်နက်ငယ် အမြောက်အများ သိမ်းဆည်းရမိခဲ့တဲ့အပြင် အဲ့ဒီ ကား ၂ စီးကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်အရ သိရပါတယ်။

လက်ရှိစစ်ကောင်စီတပ်ဟာ ကျိန်ခရန်ကျေးရွာနဲ့ တန်ဖရဲကျေးရွာအထက် လမ်းတစ်လျှောက်မှာ ခရီးသွားပြည်သူတွေကို စစ်ဆေးနေပြီး ဖမ်းဆီးတာတွေလုပ်နေပြီး ဆိုင်ကယ် ၊ ကားတွေ သိမ်းယူတာတွေအပြင် တစ်ချို့ပြည်သူတွေကိုတော့ လူသာလွတ်ပေးခဲ့တာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒရူချောင်းတံတားနားက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက တန်ဖရဲစစ်တပ်စခန်းကနေ အထက်ဘက်ကို စစ်ကြောင်းများ ဆက်တိုက်ပို့ဆောင်နေဆဲဖြစ်တယ်လို့တန်ဖရဲဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

သူတို့က နံနက်မိုးမလင်းခင် အစောဆုံး စစ်ကားနဲ့ အင်အားတွေ လာချထားပြီ။ အောင်မြင်သာအထက်ကနေ လမ်းတောက်လျှောက် တစ်နေရာ တစ်စုတစ်စု ၁၀ ဦးစီ ၂၀ ဦးစီနဲ့ လာချထားတာ။ အဲ့ဒီစစ်သားတွေကပဲ လမ်းသွားလမ်းလာတွေကို ပြန်စစ်ဆေးနေတာ။ တချို့ကိုတော့ ကြည့်ပြီး ဖမ်းတယ်။ သူတို့က အဲ့ဒီ ဒရူခစစ်တပ်စခန်း သိမ်းပိုက်ခံလိုက်ရတော့ သူတို့အတွက် တော်တော်အထိနာတာပေါ့ ဒီလမ်းပိုင်းတွက်ဆိုရင်၊ ဆိုတော့ သူတို့  အဲ့ဒီနေရာကို ပြန်ယူနိုင်အောင် ကြိုးစားပြီး အခဲမကျေတာတွေဖြစ်နေတယ်လို့ မြင်တယ်” လို့ အဲ့ဒီတန်ဖရဲကျေးရွာဒေသခံက ဆက်လက်ပြောဆိုပါတယ်။

လက်ရှိမှာတော့ စက်တင်ဘာလ ၂၁ ရက်နေ့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၁၀ ဦးကျော်ထဲက ၂ ယောက်ကလွဲလို့ ကျန်တဲ့သူတွေကတော့ စက်တင်ဘာ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့မှာ ပြန်လွတ်လာခဲ့ကြပြီလို့ သူက ဆက်ပြောပါတယ်။

မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်း တန်ဖရဲကျေးရွာအထက် ဝိုင်ရှီနဲ့ ဖုန်အင်ကြား စစ်ကောင်စီတပ်နဲ့ KIA ကြား ခုရက်ပိုင်းတိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာသွားတဲ့အတွက်အပြင် အင်အားဖြည့်သယ်ဆောင်လာတဲ့ လက်နက်ပစ္စည်းအားလုံးလည်း သိမ်းဆည်းခံလိုက်ရတာကြောင့် လက်ရှိ အဲ့ဒီလမ်းပိုင်းတောက်လျှောက် စစ်ဆေးမှု တင်းကြပ်နေပြီး ကျေးရွာဒေသခံပြည်သူတွေ သွားလာရေးခက်ခဲနေတဲ့အပြင် လုံခြုံရေးစိုးရိမ်နေကြရတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button