ဖမ်းဆီးခံရမှုသတင်း

မိုးကောင်းမှာ ဖမ်းဆီးခံရသူ ၂၀၀ အထိရှိလာပြီး စစ်ကြောရေးမှာ သေဆုံးသူ ၄ ဦးအထိရှိလာ

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ပြီးခဲ့တဲ့ ၂ လတာအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ အရပ်သားပြည်သူ  ၂၀၀ ဝန်းကျင်လောက်ရှိလာပြီး စစ်ကြောရေးမှာညှင်းပန်းနှိပ်စက်လို့ သေဆုံးသွားသူ ၄ ဦးအထိရှိလာပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းလောက်ကနေ မိုးကောင်းမြို့ထဲမှာရှိတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်လို့ စွပ်စွဲပြောဆိုပြီး လိုက်လံဖမ်းဆီးအရေးယူနေတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

လက်ရှိမှာ မိုးကောင်းမြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ပြည်သူတွေ ၂၀၀ လောက်ဖမ်းဆီးခံလိုက်ရပြီး ဖမ်းဆီးခံရတဲ့ထဲ စစ်ကြေားရေးမှာ ရိုက်နက်စစ်ဆေးခံရတာကြောင့် သေဆုံးသူ ၄ ယောက်အထိရှိလာပြီဖြစ်တယ်လို့ မိုးကောင်းဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

အခုချိန်အထိ တစ်ပတ်မှာ မိသားစု ၂ စု၊ ၃ စု လောက်ဖမ်းခံနေရတာ။ အခုဆိုရင် လွတ်လာတဲ့သူတွေ ပြောတာက ၂၀၀ လောက်ရှိပြီလို့ပြောပါတယ်။ အဲထဲမှာ လွတ်လာတဲ့သူတွေရှိကြသလို တစ်ချို့ကတော့ တရားစွဲခံလိုက်ရတဲ့ သူတွေလည်းပါတယ်။ အခုဖမ်းဆီးခံရတဲ့သူတွေထဲမှာ အများကတော့ စျေးသည်တွေများတယ်လို့ပြောပါတယ်။

အဲဒီဖမ်းဆီးခံရတဲ့ သူတွေကို စစ်ကောင်စီတပ်က ရိုက်နက်ခြိမ်းခြောက်တာတွေလုပ်ဆောင်နေတာကြောင့် စစ်ကြောရေးထဲမှာ သေဆုံးသူ ၄ ယောက်အထိရှိလာဖြစ်တယ်လို့ သူက ဆက်ပြောပြာပါတယ်။

အားလုံးသိရသလောက်က ဝဘော်တန်ဂွန်း၊ ဇင်ယော်ဆီဆိုင်ပိုင်ရှင် အဲ့ ၂ ယောက်နဲ့ နောက်ထပ် အမျိုးသား ၂ ယောက်လည်း စစ်ကြောရေးမှာပဲ ဆုံးသွားတယ်တဲ့။ အလောင်းသွားတောင်းရင်လည်း မပေးဘူး ဆုံးသွားပြီလို့ပဲ အကြောင်းကြားတယ်လို့ပြောပါတယ်လို့ပြောပါတယ်။

မိုးကောင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး စစ်ကြောရေးထဲ သေဆုံးသွားတဲ့ ၄ ဦးမှာ ဦးဝဘော်တန်ဂွန်းနဲ့ ဇင်ယော် စစ်သုံးဆီရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဒေါ်ခင်မာရွှေ တို့ဖြစ်ကြပြီး ကျန် အမျိုးသား ၂ ယောက်ကလည်း မိုးကောင်းမြို့ပေါ်ရပ်ကွက်ကသာ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ စစ်ကောင်စီလက်အောက်မှာ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ မိုးကောင်းမြို့ပေါ်ရပ်ကွက်မှာ စီးပွားရေးလုပ်ကိုင်နေကြတဲ့ စားသောက်ဆိုင်၊ ကုန်စုံဆိုင်ဖွင့်လှစ်ထားတဲ့ စျေးသည်တွေသာ အများဆုံးဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဟာ PDF တပ်ဖွဲ့တွေကို တစ်ဖက်တစ်လှမ်းကနေ ထောက်ပံ့နေတာဖြစ်တယ်လို့ စွပ်စွဲပြောဆိုပြီး ဖမ်းဆီးနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ သူတွေထဲမှာ ငွေကြေးပေးဆောင်ပြီး ပြန်လည်လွတ်မြောက်လာတဲ့သူ ၃၀ ဝန်းကျင်လောက် ရှိလာပြီး အများစုက PDF နဲ့ ဆက်နွယ်မှုရှိတယ်လို့ ပြောဆိုပြီး တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲသူတွေဟာ နေအိမ်အတွင်းမှာရှိနေတဲ့အချိန်ဖမ်းဆီးခံရသူတွေရှိသလို၊ လမ်းသွားလမ်းလာရင်း မသင်္ကာမှုနဲ့ စစ်ဆေးဖမ်းဆီးခံရတဲ့သူတွေဖြစ်ပြီး လက်ရှိဖမ်းဆီးခံထားရတဲ့သူတွေကို မိုးကောင်းအကျဉ်းထောင်နေရာနဲ့ နမ္မတီး မိုးကောင်းသွား လမ်းမပေါ်မှာရှိတဲ့ ခမရ ၃၈၁၊ ခမရ ၃၈၂ တပ်ရင်း၊ ရဲစခန်းတွေမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မိုးကောင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးမှုလုပ်ဆောင်လာတာဟာ ပြီးခဲ့ ဩဂုတ်လ ၁၉ ရက်နေ့ မိုးကောင်းအထက ကျောင်းမှာ ကျောင်းလာကြိုတဲ့ စစ်ကောင်စီစစ်ကား ပစ်ခတ်ခံခဲ့ရတဲ့နောက်ပိုင်း မြို့တွင်း မြို့ပြင် စစ်ဆေးရေးတင်းကြပ်ပြီး ဖမ်းဆီးမှုလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button