တိုက်ပွဲသတင်း

KIA က တပ်စခန်း သိမ်းပိုက်လိုက်တဲ့ လိုင်လွမ့်အောင်ဂျာမှာ တိုက်ပွဲပြင်းထန်နေဆဲ

KIO ဌာနချုပ်အနီး နမ်ဆန်ယန်ကျေးရွာရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ လိုင်လွမ့်အောင်ဂျာ(Lailum Aungja)မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ကောင်စီ စခန်းတစ်ခုသိမ်းပိုက်လိုက်တဲ့နောက် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာ ၁ ပတ်လောက်ကြာမြင့်လာပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

လိုင်လွမ့်အောင်ဂျာမှာ စစ်ကောင်စီတပ်စခန်း ၃ နေရာလောက်ရှိတဲ့ထဲက ဟဲလုံတပ်စခန်းကို KIA က သိမ်းပိုက်လိုက်တာဖြစ်ပြီး အဲဒီ ဟဲလုံတပ်စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဟဲလုံအထက်မှာရှိတဲ့ တပ်စခန်းတစ်ခုမှာ ထပ်ပြီးပုန်းရှောင်နေကြတာဖြစ်တဲ့အတွက် အဲဒီနေရာကို KIA က ထပ်မံ တိုက်ခိုက်နေတာဖြစ်တယ်လို့ KIA နဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

အရင်တုန်းကတော့ ဟဲလုံ(လိုင်လွမ့်)လို့ပဲခေါ်ကြတာ ရွာတည်တဲ့နောက်ပိုင်း အောင်ဂျာလို့ပြန်ခေါ်တယ်။ စစ်တပ်စခန်းရှိတဲ့ ညှာဖက်တစ်ခြမ်းမှာပဲ တပ်စခန်းက ၃ ခုလောက်ရှိတယ်။ ပထမအရင်ရောက်တဲ့ တပ်စခန်းက KIA က သိမ်းလိုက်တာ အဲဒါတာနဲ့ သူ့အထက်မှာ ဖားလုံလောက်အကွာပဲရှိတဲ့ အရင်က ဘုန်းကြီးကျောင်းနေရာလည်းဖြစ် ရဲတွေရှိခဲ့ နေရာဖက်မှာပုန်းခိုနေကြတာ။ အဲဒါကို KIA က ဝိုင်းပြီး လက်နက်ကြီးတွေနဲ့ပစ်နေတာလို့ပြောပါတယ်။

လက်ရှိ KIA က စစ်ကောင်စီတပ်တွေ ပုန်းခိုနေကြတဲ့ နေရာဘက်ကို လက်နက်ကြီးတွေနဲ့ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတဲ့အပြင် ခရာ(Hkaya) အောက်ဖက်ကနေလည်း တက်လာလို့မရအောင် မဒီယန်(Madi Yang) အနီးတဝိုက်မှာ လမ်းဆို့ပြီး တိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။

KIA က ဟဲလုံတပ်စခန်းကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဟာ အဲဒီတပ်စခန်းကို ပြန်လည်သိမ်းပိုက်ယူဖို့ ခရာဘက်ကနေ စစ်ကောင်စီ စစ်အင်အားထပ်မံဝင်ရောက်လာတာတွေရှိနေတာတွေ၊ ပုန်းရှောင်နေကြတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်လာလို့မရအောင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့သူကပြောပါတယ်။

ခုလို အောင်ဂျာမှာပုန်းရှောင်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA က ပိတ်ဆို့ပြီး တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများတဲ့အတွက် စက်တင်ဘာလ ၂၅ ရက် ဒီကနေ့မှာလည်း လိုင်လွမ့်အောင်ဂျာနဲ့ နမ်ဆန်ယန်အနီးတဝိုက်မှာ ဂျက်လေယာဉ်နဲ့ ၄ ကြိမ်အထက် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တွေကပြောပါတယ်။

လိုင်လွမ့်အောင်ဂျာမှာ တိုက်ပွဲဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မဒီးယာန် အောင်ဂျာဘက်မှာက နေ့တိုင်းလိုလိုပစ်နေကြတာ။ အောင်ဂျာမှာပုန်းရှောင်နေတဲ့ စစ်ကောင်စီတပ်တွေက အပြင်ဘက်ကို ထွက်လာဖို့ မလွယ်သေးဘူး အဲကြောင့် KIA ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့လတွေမှာ နမ်ဆန်ယန် ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ ရက်ပိုင်းအတွင်းမှာပဲ ဗန်းမော်ဘက်ကနေ တက်လာတဲ့ စစ်ရိက္ခာသယ် ယာဉ်တန်းအဖွဲ့တွေကလည်း လက်ရှိအချိန်အထိ မဒီးယန်၊ အောင်ဂျာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဘက်ကို မရောက်လာနိုင်အောင် KIA က လမ်းတစ်လျှောက် တိုက်ခိုက်နေတာဖြစ်တယ်လို့ ဦးနော်ဘူက ဆက်ဆိုပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဟာ နမ်ဆန်ယန်ကျေးရွာရဲ့ ချောင်းတစ်ဖက်ကမ်း မဒီးယန်ကျေးရွာ အထက်မှာရှိတဲ့ အောင်ဂျာကျေးရွာဖြစ်ပါတယ်။

နမ်ဆန်ယန်ကျေးရွာပြည်သူတွေဟာ ၂၀၁၁ ခုနှစ်တစ်ကျော့ပြန်တိုက်ပွဲကြောင့် ဆယ်စုနှစ်တစ်စုကြာ စစ်ဘေးရှောင်ခဲ့ရာကနေ ၂၀၁၈ ဒီဇင်ဘာလမှာ နေရပ်ပြန်လည်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနောက် ဒီနှစ် ဇူလိုင်လ ၃ ရက်နေ့မှာတော့ စစ်တပ်ဘက်က နမ်ဆန်ယန်ရွာထဲကို ဝင်ရောက်ဖို့ကြိုးစားလာခဲ့ရာကနေ နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတာ ခုဆိုရင် ၃ လလောက်ရှိလာပြီဖြစ်ပါတယ်။

Show More

Related Articles

Back to top button