တိုက်ပွဲသတင်း

နမ့်ဖတ်ကာမှာ စစ်တပ် နဲ့ TNLA တိုက်ပွဲဖြစ်ပွားနေ

နမ့်ဖတ်ကာမှာ စစ်တပ်နဲ့ တအောင်းတပ်မတော် TNLA တပ်တို့ လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်နေလို့ စာသင်ကျောင်းနဲ့စျေးတွေအားလုံး ပိတ်ထားရပြီး ဒေသခံတွေအတွက်လုံခြုံရေး စိုးရိမ်နေရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၆ ဒီမနက် ၁၁ နာရီခန့် နမ့်ဖတ်ကာမှာအထိုင်ချနေတဲ့ ခလရ ၁၂၃ တပ် ကို TNLA ဘက်က လက်နက်ကြီးနဲ့ တပ်စခန်းအတွင်းထဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ တန်ပြန် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်တာတွေရှိပြီး ဒေသခံတွေ စျေးတွေ ၊ ကျောင်းတွေ ပိတ်ထားရတယ်လို့ ဆိုပါတယ်။

နမ့်ဖတ်ကာ ၁၂၃ တပ်ထဲ  TNLA တွေ လက်နက်ကြီးနဲ့ ပစ်ထည့်ပေးတာ။ ကျေးရွာအတွင်း လက်နက်ကြီးရော လက်နက်ငယ်ရော ဆူညံနေတယ်။ TNLA ဘက်က တောင်ကုန်းဘက်ကနေ ပစ်ထည့်ပေးတာ။ စစ်တပ်ဘက်ကလည်း တန်ပြန် လက်နက်ကြီးနဲ့ ပြန်ထုနေတယ်။ ကျေးရွာအတွင်း လာကျတာလည်း ရှိနေတယ်။ ကျောင်းတွေ၊ စျေးတွေလည်း အားလုံး ပိတ်လိုက်ရတယ်။ ကြောက်လို့။ ရွာသားတွေ ထိမထိ စုံစမ်းနေဆဲဖြစ်တယ်လို့ နမ့်ဖတ်ကာ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် TNLA ဘက်က နမ့်ဖတ်ကာကျေးရွာထဲကို ဝင်ရောက်လာတာလည်းရှိသလို စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်နေသေးတာကြောင့် ကျေးရွာအတွင်း ကလေးတွေစာသင်နေရာကနေ ချက်ချင်းကျောင်းပိတ်လိုက်ပြီး ရွာထဲမှာရှိတဲ့ စျေးတွေအားလုံးလည်း ပိတ်လိုက်ရတယ်လို့ ဆိုပါတယ်။

လက်ရှိ နေ့လည် ၁ နာရီထိတော့ စစ်တပ်ရဲ့လက်နက်ကြီးကြောင့် နေအိမ်တစ်ဝင်းမှာလာကျပေမဲ့ လက်နက်စအနည်းအကျဉ်းထိခိုက်ရုံကလွဲလို့ ဆိုးဆိုးရွားရွား ထိခိုက်တာမရှိသေးဘူးလို့ ဆိုပါတယ်။

အခုရွာထဲမှာ စစ်တပ်နဲ့ TNLA နှစ်ဖွဲ့လုံးရှိနေပြီး စိုးရိမ်နေရတယ်။ နမ့်ဖတ်ကာ ရပ်ကွက် ၄ ဘက်ကို TNLA တွေ ဝင်ရောက်လာတယ်။ ခုထိ တစ်ဖြတ်ဖြတ် လက်နက်ကြီးနဲ့ ဘေးပတ်ဝန်းကျင် ကို ပစ်နေတယ်။ ခဏက ရက်ကွက် ၄ ဘက် လက်နက်ကြီးလာကျတာကတော့ လူအရမ်းကြီးထိခိုက်တာမရှိပေမဲ့ မျက်နှတွေမှာ နည်းနည်းပါးပါး လက်နက်စထိခိုက်တာရှိတယ်ကြားတယ်။ အိမ်တွေလည်း အရမ်းကြီးထိခိုက်တာတော့ မကြားသေးဘူး။ ရွာသားတွေအားလုံးက ဘယ်မှမသွားရဲ ကတုတ်ကျင်းရှိတဲ့သူက ကတုတ်ကျင်းတွေထဲ ပုန်းပြီး နေနေတယ်” ဟု နေ့လည် ၁ နာရီဝန်းကျင်မှာ နမ့်ဖတ်ကာ ဒေသခံအမျိုးသမီးတစ်ဦးက ဖြေဆိုထားပါတယ်။

နမ့်ဖတ်ကာ နဲ့ နမ့်အွမ်ကြား ခိုးမုန်းကျေးရွာအနီး တပ်စခန်းတွေချပြီး နေရာယူနေတဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်တပ်ကြား ပြီးခဲ့တဲ့ပတ်ကတည်းက နှစ်ဖက်စစ်ရေးတင်းမာနေတာလည်း ဖြစ်ပါတယ်။

ဒ့ါအပြင် စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းမှစပြီး ခိုးမုန်းရွာအနား တိုက်ပွဲပြန်လည်ပြင်းထန်လာပြီး လက်ရှိမှာတော့ နမ့်ဖတ်ကာမှာ အထိုင်ချနေတဲ့ စစ်တပ်ရဲ့ လက်နက်ကြီးတပ် ၁၂၃ တပ်စခန်းကို TNLA ဘက်က လာရောက်ပစ်ခတ်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းကတည်းက နမ့်ဖတ်ကာကျေးရွာထဲ တအာင်းတိုင်းရင်းသားတွေနေတဲ့ ကျေးရွာတွေကို TNLA ဘက်က စစ်ရှောင်ကြရန် တိုက်တွန်းခဲ့တာဖြစ်ပြီး နမ့်ဖတ်ကာ စစ်တပ် ခလရ ၁၂၃ ကို တိုက်ခိုက်ရန် ပြင်ဆင်နေတယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုထားပါတယ်။

Show More

Related Articles

Back to top button