စစ်ပြေးဒုက္ခသည်များသတင်း

ရွှေကူအနောက်ဘက် ရေလှဲ နဲ့ ဆင်တပ်ဒေသခံများ နေရပ်မပြန်နိုင်သေး

ကချင်ပြည်နယ် ရွှေကူမြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားလာတဲ့အတွက် ထွက်ပြေးနေရတဲ့ ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘဲ တောတောင်တွေမှာ ဆက်လက်တိမ်းရှောင် နေရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ရွှေကူအနောက်ခြမ်းဘက် ရေလှဲ နဲ့ ဆင်တပ်ကျေးရွာတွေကို စစ်ကောင်စီတပ်ဝင်ရောက်လာပြီးတော့ အရပ်သားတွေကို ဖမ်းဆီးခဲ့တဲ့အပြင် နေအိမ်တွေပါ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီစစ်ကောင်စီတပ်တွေက မနေ့ကထိ ရွှေကူအနောက်ဘက်ကျေးရွာတွေမှာ ရှိနေသေးတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ရေလှဲနဲ့ ဆင်တပ်ကမပြန်နိုင်သေးဘူး စစ်သားတွေက ရွှေကူမြို့ပေါ်မှာ ၁၀၀ လောက်ကို ရှိနေသေးတယ်။ အဲ့စစ်သားတွေကို မထင်ရင် မထင်သလို ဒီဘက်ကမ်းကိုရောက်ရောက်လာတာ ရေမော်တော်တွေနဲ့ မနေ့ကလည်း လာတယ်” လို့ ပြောပါတယ်။

လက်ရှိ ရွှေကူမြို့ပေါ် ဘုန်းတော်ကြီးကျောင်းမှာ အခြေချနေတဲ့ အဲ့ဒီစစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက တစ်ကြိမ်၊ ၂၅ ရက် နေ့လည်ပိုင်းမှာတစ်ကြိမ် ရေလှဲ ၊ ဆင်တပ်ဘက်ကို ရေမော်တော်ယာဉ်တွေနဲ့ ဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားခဲ့သေးတာကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေးပဲ ဖြစ်နေတာပါ။

အများပိုင်းကတော့ ရှောင်နေကြရတာပါ့ အခုက ရွာထဲမှာ ကြက်စာ၊ ဝက်စာ သွားကျွေးတဲ့ လူလောက်ပဲ ခနတဖြုတ်သွားရတာ။ ဒါတောင်သူတို့နဲ့ တိုးမှာကြောက်ပြီး အခြေအနေတကြည့်ကြည့်နဲ့ သွားနေရတာ” လို့ နောက်ထပ်ရေလှဲဒေသခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၁၈ ရက်နေ့က ရေလှဲကျေးရွာထဲက အိမ်ခြေ ၄၈ လုံးနှင့် မိုးစစ်ကျေးရွာထဲက အိမ်ခြေ ၄ လုံးတိတိကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါကြောင့် ဆင်တပ်နဲ့ရေလဲ ဒေသခံလူဦးရေ ၄၀၀၀ ကျော်ကလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၈ ရက်နေ့ စစ်ကြောင်းဝင်ရောက်ချိန် ဖမ်းဆီးခံလိုက်ရတဲ့ ရေလှဲဒေသခံ ၂၀ ကျော်နှင့် မိုးစစ်ကျေးရွာ ဒေသခံ ၁၀ ဦး ဒီကနေ့အထိ ပြန်လွတ်လာတဲ့သတင်းမကြားရပဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ရွှေကူမြို့နယ် အရှေ့ဘက် နဲ့ အနောက်ဘက်ခြမ်းက ပြည်သူတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ထိုးစစ်ဆင်ခံရမှု အများဆုံးကြုံရပြီး ဖမ်းဆီးခံရမှုကလည်း ပုံမှန်ရှိခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဩဂုတ်လဆန်းပိုင်းက စစ်ဘေးဒုက္ခသည်ဦးရေ တစ်သောင်းလောက် တိုးလာခဲ့တယ်လို့ ရန်ကုန်အခြေစိုက် UNOCHA က စက်တင်ဘာလ အစောပိုင်းမှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားသလို

စစ်ကိုင်းတိုင်းနယ်စပ် ရွှေကူမြို့နယ်မှာတော့ ပြီးခဲ့တဲ့မတ်လထဲမှာ ထပ်တိုးလာတဲ့  စစ်ပြေး ဒုက္ခသည်လူဦးရေ ၁၄၀၀၀ ရှိလာတယ်လို့ ဆိုထားပါတယ်။

Show More

Related Articles

Back to top button