ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

နမ်ဖတ်ကာ တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်က မိုင်းထောင်ထားလို့ ပြည်သူများ သွားလာရေးမှာ အခက်တွေ့

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအထိုင်ချ စစ်ကောင်စီတပ်က စခန်းဘေးပတ်ဝန်းကျင် ဒေသခံတွေ သွားလာလှုပ်ရှားတဲ့နေရာတွေမှာ မိုင်းထောင်ထားတဲ့အတွက် လုပ်ကိုင်စားသောက်ရေးနဲ့ သွားလာလှုပ်ရှားရေးမှာ အခက်တွေ့နေတယ်လို့ သိရပါတယ်။

နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းဟာ ရွာသားတွေနဲ့ကပ်ရပ်စခန်းကြီးတစ်ခုဖြစ်ပြီး တပ်စခန်းပတ်ဝန်းကျင် မိုင်းထောင်ထားတဲ့အတွက် ရွာသားတွေ လယ်ယာ၊ ခြံ အခင်း သို့ သွားလာရေးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး သွားလာလှုပ်ရှားရေးမှာ အခက်ကြုံတွေ့နေရတယ်လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“စစ်တပ်ရဲ့ ဘယ်၊ ညာ မှာက ရွာသားတွေနေတယ်။ စစ်တပ်ရဲ့ အောက်ဘက်ပိုင်းက ရွာသားတွေရဲ့ လယ်ယာ၊ ခြံမြေ အခင်းတွေနဲ့ လုပ်ငန်းနေရာတွေပဲဖြစ်တာကြောင့် လုပ်ငန်းသွားရင် စစ်တပ်ဘေးကနေ သွားလာရတယ်။ ဆိုတော့ အခုချိန် စစ်တပ်က မိုင်းထောင်တာတွေပြန်ရှိတော့ စိုးရိမ်ရတယ်။ သွားလာလှုပ်ရှားလို့ မရတဲ့ အခြေအနေဖြစ်နေတယ်။” ဟု နမ့်ဖတ်ကာဒေသခံအမျိုးသမီးက ပြောဆိုပါတယ်။

စက်တင်ဘာလဆန်းကတည်းက စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်တို့ကြား တိုက်ပွဲအခြေအနေတင်းမာ နေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာပဲ နမ့်ဖတ်ကာကျေးရွာက တရုတ်အမျိုးသားတစ်ဦး ထင်းခွေသွားချိန် မိုင်းနင်းမိတာကြောင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပြီး လက်ရှိ ကွတ်ခိုင်ဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။

လက်ရှိနမ့်ဖတ်ကာကျေးရွာအခြေအနေနဲ့ပတ်သက်ပြီး ဒေသခံ တအောင်းအမျိုးသားတစ်ဦးက “ရွာသားတွေ သွားတော့ သွားလာတယ်။ စားဝတ်နေရေးအခက်အခဲကြောင့် မင်းခွာရွက်တွေ သွားရှာတယ်။ အဝေးကြီးတော့ သိပ်မသွားရဲဘူးပေါ့။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ကပဲ နမ့်ဖတ်ကာ ရပ်ကွက် ၂ က အမျိုးသားတစ်ဦး ထင်းသွားခွေမလို့ဆို မိုင်းထိသွားပြီး ခြေထောက်တစ်ဖက် ပြတ်သွားတယ်။ ဆိုတော့ ခါတိုင်းလို လွတ်လွတ်လပ်လပ်သွားလို့မရဘူ။ အခုက မိုင်းထောင်တာ နည်းနည်းများနေတော့ သတိဝိရိယနဲ့ သွားလာရတာပေါ့။” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့က နမ့်ဖတ်ကာနဲ့ နမ့်အွမ်ကြား ခိုမုန်းကျေးရွာတဝိုက်မှာ စစ်တပ်နဲ့ TNLA တပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကျဲခဲ့ပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းကို TNLA ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို စစ်တပ်ဘက်ကလည်း လက်နက်ကြီး နဲ့ တန်ပြန်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာ ကျေးရွာ ရပ်ကွက် ၄ က အမျိုးသားတစ်ဦး နဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးစ ထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် နမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက “အခု ကျမတို့ နမ့်ဖတ်ကာရွာသားတွေက စစ်တပ်ဘက်ကနေ ဖြတ်သွားရတဲ့ ဘက်မှာ တောင်ယာ အခင်းတွေ ခြံတွေ လုပ်ထားတယ်။ စစ်တပ်ဘက်က လက်နက်ပစ်ပြီဆိုတာနဲ့ သွားလာလို့ မရဘူး။ စစ်တပ်နဲ့ ကပ်ရပ်မှာ ရှိနေတာကြောင့် လုပ်ငန်းသွားဖို့ ခက်ခဲတယ်။ စစ်တပ်ဘေးကနေ သွားရတယ်လေ။ ရွာသားတွေက လက်နက်ကြီးသံကြား၊ သေနတ်သံတွေ ကြားတာနဲ့ အမြဲကြောက်ရွံ့နေရတယ်။” လို့ ပြောပါတယ်။

နမ့်ဖတ်ကာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လထဲမှာပဲ စစ်တပ်ကောင်စီ နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာရွာသား ၁၆ ဦး ထိခိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ဩဂုတ်လမှာလည်း စစ်တပ်နဲ့ တအာင်းလွတ်မြောက်ရေးမတော် TNLA ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး၊ ကချင်၊ ရှမ်း၊ တရုတ်၊ တအာင်း ၊ မြန်မာ တိုင်းရင်းသားမျိုးနွယ်စု ပေါင်းစုံ အတူယှဉ်တွဲနေထိုင်တဲ့ ကျေးရွာကြီးတစ်ခုဖြစ်ပါတယ်။

Show More

Related Articles

Back to top button