သတင်း

မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်မှာ စစ်ကောင်စီကား တိုက်ခိုက်ခံရ

မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက် အေးစေတီကုန်းဆင်းမှာ ဒီကနေ့ညနေပိုင်း ၅ နာရီခန့်က စစ်ကောင်စီ ကားနှစ်စီး နဲ့ စရဖ အဖွဲ့များစီးလာတဲ့ကား လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ မြစ်ကြီးနားထောင်ဘက်ကို ဦးတည်သွားနေတဲ့ အဲ့ဒီကား ၃ စီးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ၄၀ မမ တစ်လုံး နဲ့ ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကာကွယ်ရေးအဖွဲ့ကပဲတိုက်ခိုက်တာပါ ကျွန်းပင်သာအရင်ကအဝိုင်းပတ်ရှိတဲ့ကုန်းနား အဲ့ဒီစစ်ကားတွေက ထောင်စောင့်တဲ့ စစ်သားတွေကို သွားကြိုတာလည်းဖြစ်နိုင်တယ် ကင်းလှည့်နေတဲ့အဖွဲ့လည်းဖြစ်နိုင်တယ် စရဖတွေစီးလာတဲ့ အရပ်သားကားတစ်စီးလည်းပါတယ် ထိတော့ ထိသွားတယ် ထိခိုက်မှုတော့မသိရဘူးလို့ပြောပါတယ်။

ပစ်ခတ်ခံရပြီးတဲ့နောက် အဲ့ဒီစစ်ကောင်စီစစ်ကားတွေက အနီးတစ်ဝှိုက်ကို လက်နက်ငယ်‌ တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းကလည်း မြောက်ပိုင်းတိုင်းမဟာမိတ်တပ်ဖွဲ့တွေက မြစ်ကြီးနားမြို့ စစ်ကောင်စီ လေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က မြစ်ကြီးနားလေတပ်စခန်းအနီးတစ်ဝှိုက် ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီလေတပ်ပစ်ခံရပြီး နောက်ရက်ကို အဲ့ဒီနားကရွာတွေကို စစ်ဆေးတာတွေရှိတယ် ဒီနေ့လည်း မြို့ပတ် ကင်းလှည့်စစ်ဆေးတာတွေရှိတယ်လို့ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ဒေသခံတစ်ယောက်ကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ရက်နေ့ မြစ်ကြီးနားမြို့ လေတပ်စခန်း ပစ်ခတ်ခံရမှုမှာ F-7 အမျိုးအစားတိုက်လေယာဥ်နှစ်စင်း ထိမှန်ပျက်စီးမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

Show More

Related Articles

Back to top button