ဖမ်းဆီးခံရမှုသတင်း

ဟုမ္မလင်းမှာ SNA နဲ့ PDF တိုက်ပွဲပြင်းထန်၊ အရပ်သားနှစ်ဦး သတ်ဖြတ်ခံထားရ 

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်၊ မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး၊ အရပ်သား ၂ ဦးလည်း သတ်ဖြတ်ခံထားရတယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ ကင်းစေတီအနီးထိုင်ထားတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ SNA တပ်စခန်းကိုဟုမ္မလင်း PDD နှင့် မဟာမိတ်ပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းမှာ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာလို့ ဟုမ္မလင်းမြို့က  အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

ဖြစ်တာက ကြာသာပတေးနေ့ညပိုင်းကတည်းကဖြစ်တာပါ့။ ကင်းစေတီမှာထိုင်ထားတဲ့တပ်ကို PDF ဘက်ကလာပြီး စပစ်တာ။ သောကြာနေ့ ကတော့တစ်နေကုန်နီးပါး လွှစင်ကုန်းနဲ့ နောင်ပိုအောင်ကြားမှာဖြစ်တယ်။ မနေ့ကတော့ မနက်ပိုင်း ဆပ်ကယားနဲ့ ကြက်ရှာစွန်းရွာကြားမှာဖြစ်တယ်လို့ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းကင်းစေတီအနီးတိုက်ပွဲ နဲ့ စက်တင်ဘာ ၂၂ ရက်နေ့ဖြစ်ပွားခဲ့တဲ့ နောင်ပိုအောင်နဲ့ လွှစင်ကုန်းကျေးရွာကြား ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ SNA တပ်ဘက်က ဒဏ်ရာရရှိထားတဲ့ စစ်သားတွေကို ဟုမ္မလင်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးနေတယ်လို့ ဒေသခံတွေ ဆိုပါတယ်။

တချို့ဆိုဗိုက်ထဲမှာ မိုင်းစတွေဘာတွေဝင်နေတာတဲ့ လေး၊ငါး၊ဆယ်ယောက်မကဘူး ဆေးရုံသွားခဲ့တဲ့လူတွေပြောတာ သောကြာနေ့ ညပိုင်းစစ်သားတွေကားနဲ့သွားသယ်တာလေး ဒဏ်ရာရထားတဲ့သူတွေကိုလို့ ဟုမ္မလင်းဒေသခံ အမျိုးသားတစ်ဦးက ထပ်ပြောပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်း အင်အား ၁၀၀ လောက်ရှိတဲ့စစ်ကောင်စီတပ် နဲ့ SNA ပူးပေါင်းတပ်တွေက တိုက်ပွဲ ပြင်းထန်နေတဲ့ နောင်ပိုအောင်ဘက်ကို ရောက်လာစဉ်မှာပဲ ဆပ်ကယားဒေသခံအမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အလောင်းကရွာအထွက်မှာတဲ့ သွားကောက်လို့တော့မရဘူး သတ်ခံရတဲ့ ၂ယောက်ထဲက တစ်ယောက်က စစ်သားတွေလာလို့ထွက်ပြေးတာ အိမ်တံခါးပိတ်ဖို့မေ့ခဲ့လို့သွားပိတ် ဖို့သွားတဲ့ချိန်ဖမ်းမိသွားတဲ့ တစ်ယောက်ကတော့ ထွက်မပြေးလိုက်ရဘူးဖမ်းမိသွားတာ အဲ့တာနဲ့သတ်ခံလိုက်ရတာလို့ ဟုမ္မလင်း PDF နဲ့ နီးစပ်တဲ့ အမျိူးသမီးတစ်ဦးက ပြောပါတယ်။

အသတ်ခံရသူတွေဟာ အသက် ၄၀ ဝန်းကျင်တွေလို့သိရပြီး အမည်နာမကိုတော့ အတည်ပြုနေဆဲ ဖြစ်ပါတယ်။

SNA တပ်ဟာ နောင်ပိုအောင်ကျေးရွာဘက်ကို ကုန်းကြောင်းကနေ စစ်ရေးလှုပ်ရှားဖို့ ခက်ခဲလာတာကြောင့် ရေကြောင်းအသုံးပြုလာနေပြီး စက်တင်ဘာ ၂၃ ရက်နေ့ အရပ်သား စက်လှေ ၂စီး၊ စက်တင်ဘာ ၂၄ ရက်နေ့က အရပ်သား စက်လှေ ၂စီးတို့ကို ချောဆွဲခေါ်သွားပြီး ဒီနေ့ထိပြန်မလွတ်ပေးသေးဘူးလို့ သိရပါတယ်။

Show More

Related Articles

Back to top button