သတင်း

ပုလဲမှာ ဒေသခံ ၃ ယောက် ခေါင်းဖြတ်သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာက ဒေသခံ ၃ယောက်ကို စစ်ကောင်စီ စစ်ကြောင်းက ခေါင်းဖြတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီတွေ ပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့၊ မနက်ပိုင်း ၆ နာရီလောက်မှာ ပုလဲမြို့နယ် ညောင်ကုန်းရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ပြီးနောက် ညနေပိုင်းလောက်မှာတော့ ရပ်ကျေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နဲ့ အဖွဲ့ဝင်တစ်ချို့ နယ်မြေရှင်းလင်းရေးဝင်ချိန်မှာ သတ်ဖြတ်ခံလိုက်ရတာလို့ ပုလဲလူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

သူတို့ထွက်သွားပြီဆိုပြီး ရှင်းလင်းရေးဝင်ကြတာ အဲ့လိုဝင်တဲ့အချိန်မှာပဲစောင့်ပြီးပစ်တာ တစ်ယောက်ကတော့ ပစ်ခံရပြီးကျတာနဲ့ တူတယ်။ ကျန်နှစ်ယောက်ကတော့ အရှင်မိတဲ့ သဘောရှိတယ်။ အဲ့တာကို သုံးယောက်လုံးကို ခေါင်းဖြတ်ပြီးတော့ ခြံဝန်းနံရံတိုင်တွေမှာ ချိတ်လမ်းပေါ်မှာခုံတွေ နဲ့နှစ်ခေါင်းကိုစီချထားတာ လက်တွေကိုလည်းဖြတ်ပြီး ဗိုက်တွေကိုဖောက်ပြီးထောင်ထည့်ထားတာ” လို့ ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေမှာ ပုလဲ PDF တစ်ယောက်အပါအဝင် ရပ်ကျေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဖြစ်ပြီး အသက် ၂၇နှစ်ကနေ အသက်၄၀ အရွယ် ဝန်းကျင်အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကတည်းက ဆားလင်းကြီးမြို့နယ်ထဲကနေ ပုလဲနယ်ထဲကို ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဖြစ်ပြီးတော့ ပုလဲနယ်ထဲက ပျူစောထီးရွာတွေအတွက် နယ်လှည့်စစ်ကြောင်းထိုးပြီး ရိက္ခာရှာပေးနေတဲ့စစ်ကြောင်းဖြစ်ပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့အခြေစိုက် တပ်မ ၇၇ လက်အောက်ခံ ခမရ ၇၀၃ တပ်ဖွဲ့တွေဖြစ်ပြီးတော့ သတ်ဖြတ်ခံခဲ့ရတဲ့ ရုပ်အလောင်းတစ်ခုအပေါ်မှာလည်း “ကျားဘီလူး စစ်ကြောင်း” ဆိုတဲ့ စာသားကို ရေးထားခဲ့တယ်လို့ ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက တာဝန် ရှိသူတစ်ယောက်က ပြောပါတယ်။

အသတ်ခံရတဲ့သူတွေရဲ့ နဖူးမှာ မျှင်ဖျက်တဲ့ဟာနဲ့ ကျားဘီလူးဆိုပြီးရေးသွားတယ် တစ်ချို့နေရာတွေမှာလည်း ကျားဘီလူးစစ်ကြောင်းဆိုပြီးလည်း ရေးသွားသေးတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းဟာ ဓီကနေ့မနက်ပိုင်းမှာပဲ ဆားလင်းကြီးမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကြောင်းထွက်ခွာ သွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ညောင်ကုန်းကျေးရွာဟာ ပုလဲမြို့နယ်တောင်ဘက်ခြမ်း ပုလဲမြို့နယ်၂မိုင်လောက်အကွာမှာရှိတဲ့ ကျေးရွာ တစ်ခု ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ လက်အောက်ခံတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနဲ့ အရပ်သား စုစုပေါင်း ၄၁၂၀ ယောက် သေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မနေ့က စက်တင်ဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button