သတင်း

စစ်တပ်ရဲ့သင်္ဘော ၆ စီးဆန်တက်ခဲ့ချိန် မြစ်ကမ်းတစ်လျှောက်ပြည်သူတွေ ဘာတွေကြုံခဲ့ရလဲ ကာကွယ်ရေးတပ်နဲ့တိုက်ပွဲအခြေနေ ဆက်သွယ်မေးမြန်းချက်

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ စစ်ကိုင်းအထက်မှာရှိတဲ့ ကချင်ပြည်နယ်ဘက်ကို စစ်လက်နက်ရိက္ခာတင်ပို့ရာမှာ ထိခိုက်သေဆုံးမှုနည်းတဲ့ ရေကြောင်းကို သိသိသာသာအသုံးပြုလာပြီး ပြီးခဲ့တဲ့ ၂ လတာအတွင်းမှာ မန်းလေးကနေ ကချင်ပြည်နယ်ဘက်ကို စစ်လက်နက်ရိက္ခာတွေကို ၂ ကြိမ်တိတိလာရောက်ပို့ဆောင်ထားနိုင်ပြီဖြစ်ပါတယ်။

စစ်လက်နက်ရိက္ခာတွေပို့တဲ့ စစ်ကောင်စီတပ်ရဲ့သင်္ဘောတက်လာတိုင်း ကသာအထက်ပိုင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ကနေ ဗန်းမော်ဆိပ်ကမ်းမရောက်ခင်အထိ ကာကွယ်ရေးတပ်တွေရဲ့ကြားဖြတ် တိုက်ခိုက်ခံရတာခံရလို့ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိတဲ့အပြင် တစ်ဖက်မှာလည်းစစ်တပ်ဘက်က အရပ်သားပြည်သူတွေကို လူသားဒိုင်းအနေနဲ့ဖမ်းဆီးခေါ်ဆောင်တာ၊ သတ်ဖြတ်တာ၊လူနေအိမ်တွေကို မီးရှို့ဖျက်စီးတာဟာ ပုံမှန်လုပ်နေကြဖြစ်ပါတယ်။

 စစ်လက်နက်ရိက္ခာတင်တဲ့ သင်္ဘောတက်လာတိုင်း တိုက်ခိုက်ခံနေရတဲ့ စစ်သားတွေဟာ ခုနောက်ဆုံးပို့ဆောင်ခဲ့တဲ့ သင်္ဘော ၆ စီးဆန်တက်ခဲ့ချိန်မှာတော့ တပ်ရင်း ၆ ရင်းထက်မနည်း ပါဝင်လာပြီး စစ်အင်အား ၄၀၀ သုံးပြီးတော့ ဆန်တက်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်ရဲ့သင်္ဘော ၆ စီးဆန်တက်ခဲ့ချိန်ကနေ ပြန်စုန်ဆင်းသွားတဲ့အခြေနေထိ နှစ်ဖက်ထိတွေ့တိုက်ပွဲအခြေနေတွေ ဘယ်လိုရှိခဲ့လဲ မြစ်ကြောင်းတစ်လျှောက်ကပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့အခြေနေတွေနဲ့နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်နေသေးလဲဆိုတာနဲ့ပတ်သက်ပြီး KIA တပ်ရင်း ၅ နယ်မြေမှာအဓိက စစ်ရေးလှုပ်ရှားနေတဲ့ K-PDF ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူကို KNG ကမေးမြန်းထားပါတယ်။

မေးခုသင်္ဘောက ရွှေကူမှာဘဲရှိသေးတာလား။

ဖြေ မနေ့က ဗန်းမော်ကနေ ဆင်းလာပြီး မနေ့ည ရွှေကူမှာညအိပ်နားတယ်။ ဒီမနက်တော့ ရွှေကူကနေ ပြန်စုန်ဆင်းသွားပြီ ခုစစ်ကိုင်းနယ်ထဲရောက်သွားပြီ။

မေးဒီတစ်ခေါက် စစ်တပ်ရဲ့သင်္ဘောတက်လာတာ အရင်တစ်ခေါက်နဲ့နှိုင်းယှဉ် ထိခိုက်မှုအခြေနေလေး ဘယ်လောက်ထိရှိသွားလဲ နှစ်ဖက်စလုံးပေါ့။

ဖြေ ဒီတစ်ခေါက်က မြေပြင်စစ်ကြောင်းက ပိုအင်အားဖြည့်လာတယ်။ ငအိုး ၁၂၁ တပ်၊ ခမရ ၃၁၇၊ခမရ ၃၀၉၊ခမရ ၆၀၁၊ခလရ ၅၅၊ တပ်မ ၇၇၊တပ်မ ၁၀ နဲ့ထီးချိုင့်က ပျူတပ်တစ်တပ်ပါလာတယ်။ စစ်ကြောင်းကနည်းတာကြီးမဟုတ်ဘူး မြေပြင်စစ်ကြောင်းလည်း တော်တော်များတယ်။ ပြီးတော့ ရေတက်နေတဲ့ချိန်ဆိုတော့ ကုန်းမြေပြင်နေရာနည်းတယ် ကျနော်တို့လုပ်ရ ကိုင်ရတာ သိပ်အဆင်မပြေဘူး။ အရင်တစ်ခေါက်ကကျတော့ သင်္ဘောပေါ်မှာပါလာတဲ့ စစ်ကြောင်းလောက်ဘဲ မြေပြင်စစ်ကြောင်းမပါတော့ လုပ်ရတာ သက်တောင့်သက်တာရှိတယ်။ ဒါပေမယ့် ဒီတစ်ခေါက်တော့ သူတို့ဘက်က အရင်တစ်ခါထက်စာရင် ထိခိုက်တာနည်းတယ်။

မေးအဲဒီစစ်ကြောင်းတွေက ဘယ်ကစစ်ကြောင်းတွေလဲ ပြီးတော့ သူတို့စစ်ကြောင်းထိုးခဲ့တဲ့ ပုံစံ အခြေနေလေးပြောပေးပါအုံး။

ဖြေ သူတို့တစ်ချို့က အစကတည်းကပါခဲ့တာရှိတယ်။ တစ်ချို့ကျတော့ သင်္ဘော ကသာဝင်ပြီဆိုတာနဲ့ ညောင်ခြေထောက်၊ပလွေရွှေဘက်ကနေ ပါလာတာ ပလွေရွှေကနေ ငအိုးတပ်ဆိုရင် ၈ မိုင်လောက်ဝေးတယ်။ အဲကနေ သင်္ဘောပေါ်မှာပါလာတာပေ့ါနော် ဒီစစ်ကြောင်းတွေကအားလုံးက ကသာရွှေကူအစပ်ရောက်ပြီဆိုတာနဲ့ သင်္ဘောကိုကမ်းထိုးကပ်ပြီးတော့ ရေလှဲ၊ဆင်တပ်၊မိုးစစ်ရွာတွေဘက်ကို ဝင်တော့တာဘဲ။ အဲကနေ လမ်းကြောင်းရှင်းပေးတာ။ ခု သင်္ဘောဆင်းပြီဆိုရင် သူတို့လည်း တစ်ပါတည်းပြန်လိုက်ဆင်းသွားပြီ။

မေးရေလှဲ၊ဆင်တပ်ရွာက ဒီတစ်ခေါက်အိမ်တွေမီးရှို့ခံရတာတွေရှိတယ် အရပ်သားဖမ်းဆီးခံရတယ်လို့ ကြားတယ် အခြေနေလေး သိပါရစေ။

ဖြေ စက်တင်ဘာလ ၁၈ ရက်နေ့ သင်္ဘော ကသာကနေရွှေကူစဝင်တဲ့နေ့ဘဲ စစ်ကြောင်းတွေက ရွှေကူရဲ့ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရွာတွေဖြစ်တဲ့ ရေလှဲ၊ဆင်တပ်ရွာတစ်လျှောက် တောက်လျှောက်စစ်ကြောင်းထိုးတာ အရပ်သား ၆၀ လောက်ကိုဖမ်းခံရတယ်။ တစ်ချို့ကျတော့ ထွက်ပြေးနိုင်တာတွေရှိတယ်။အဲမှာအမျိုးသားချည်းဘဲ ၆၀ လောက်ဖမ်းခံရတာ။ သူတို့ကို ရွာထဲမှာရှိတဲ့ ဆိုင်ကယ်တွေ၊သူတို့လိုချင်တဲ့ပစ္စည်းတွေကို ထမ်းခိုင်းပြီး သင်္ဘောပေါ်တင်ခိုင်းတာ။ အဲဒီမှာ ၄ ယောက်ကိုကျတော့ သတင်းအတိကျ ရပြီးဖမ်းတဲ့ပုံစံဟုတ်တယ်။အဲဒီ ၄ ယောက်ထဲက ၂ယောက်ကိုတော့ ဆင်တပ်ဆိပ်ကမ်းနားမှာဘဲ သတ်ထားတာ ကျန်တဲ့ ၂ ယောက်ကိုတော့ စင်းခန်းတပ်မှာဖမ်းထားတုန်း မိသားစုတွေကို လာရွေးခိုင်းနေတယ်လို့လည်း ကြားရတယ်။ ကျန်တဲ့သူတွေကိုတော့ သင်္ဘောပေါ်မှာပစ္စည်းတင်ခိုင်းပြီးတော့ ပြန်လွတ်ပေးခဲ့ပြီ။

မေးရေလှဲ ၊ ဆင်တပ်ရွာက နေအိမ်မီးရှို့ခံရတာ ဘယ်လောက်ထိရှိခဲ့လဲ ခုသင်္ဘောတွေက ပြန်ဆင်းသွားပြီဆိုတော့ ဒေသခံတွေနေရပ်ပြန်လာကြပြီလား

ဖြေ ခုမလာနိုင်သေးဘူး သူတို့ပြန်သွားပေမယ့် သူတို့ကျခဲ့တဲ့မှိုင်းတွေက ရှိသေးတာကိုး ပြီးတော့ ရွာပတ်လည်တွေမှာသူတို့တမင်ထောင်ထားတဲ့မှိုင်းတွေလည်း ရှိနေသေးတော့ မလာနိုင်ကြသေးဘူး။ကျနော်တို့ မှိုင်းရှင်းလင်းရေးလုပ်ပေးနိုင်မှ ပြန်လာလို့ရမယ်။ခုကျနော်တို့ စလုပ်ဖို့ စီစဉ်နေပြီ။နေအိမ်ကတော့ နှစ်ရွာပေါင်း ၄၀ ကျော်လောက်ရှိမယ်။

 မေးနောက်ထပ်ကော အရပ်သားဖမ်းဆီးခံရတာ ပြီးတော့ ကသာ၊ရွှေကူတစ်လျှောက်က ဘာတွေဖြစ်ခဲ့သေးလဲ။

ဖြေ သူတို့ကသာဝင်ပြီဆိုတာနဲ့ တုတ်ကြီးရွာက အရပ်သား ၈ယောက်သတ်ဖြတ်ခဲ့တာရှိတယ်။ နေအိမ် ၃၄ အိမ်ကိုလည်း မီးရှို့ခဲ့တယ်။ပြီးတော့ ရွှေကူအဝင်ဆို ရွှေမော်တော်ဖောင်တွေနဲ့စက်လှေအစီး ၄၀ ကျော်ရှို့ခဲ့တယ်။ ရွှေကူဆိပ်ကမ်းမှာဆိုက်ခဲ့တဲ့ညဆို ဒီဘက်ခြမ်းရွာတွေကို လက်နက်ကြီးတွေနဲ့တရစပ်ပစ်ခဲ့တာ အဲကနေ ရေလှဲ၊ဆင်တပ်ဘက်က ရွာတွေ စစ်ရှောင်နေကြရတာ ခုချိန်ထိပါဘဲ။

မေးစစ်တပ်ရဲ့သင်္ဘောတက်လာတဲ့ချိန်တိုင်း ကသာရောက်ပြီဆိုတာနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ပိုလုပ်တာ တွေ့ရတယ် ဘာကြောင့်များလဲ။

ဖြေ ကသာကျော်ပြီဆိုတာနဲ့ ဧရာဝတီအရှေ့ဘက်နဲ့အနောက်မှာ အခိုင်မာလှုပ်ရှားနဲ့ KIA တပ်ရင်း ၁၂မှာရှိတဲ့ KPDF နဲ့ နဲ့ဒီဘက်က ရင်း ၅ က မြို့လှ K-PDF ရှိတယ်။ ပြီးတော့ ဒီနေရာတွေက ကချင်ပြည်နယ်ဝင်ပေါက်ဆိုတော့ တိုက်ခိုက်ခံမှုတွေအကုန်လုံး ကချင်ပြည်နယ်ကိုလာသမျှတွေက ဒီတပ်ရင်းတွေဘဲ စီးကြိုပြီးတိုက်နေတာဆိုတော့ ဒီတပ်ရင်းတွေကို ခြိမ်းခြောက်ချင်တဲ့သဘော ဟုတ်တယ်။ ပြီးတော့ ဗန်းမော်ဟိုဘက် နမ်ဆန်ယန်ကိုတက်မယ်ဆိုရင်လည်း ဒီတပ်ရင်းတွေကိုကျော်ရတာ အဲတော့ ဒီတပ်ရင်းတွေကို အဓိကအငြိုးထားတဲ့သဘောမှာရှိတယ်။

မေးအဲတော့ ဒီတစ်ခေါက်သင်္ဘောတက်လာတဲ့ချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အကြိမ်ပေါင်း ဘယ်လောက်ရှိလဲ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးတာ ထပ်ပြောပေးပါအုံး။

ဖြေ ထိတွေ့တာကတော့ ၃ ကြိမ်လောက်ဖြစ်တယ် စက်တင်ဘာလ ၁၈ ရက်နေ့နဲ့ ၂၀ ရက်နေ့ ဆက်တိုက်ဖြစ်တယ်။ စက်တင်ဘာလ ၂၁ ရက်နေ့မှာဖြစ်တဲ့ချိန်မှာ သူတို့ဘက်က ၉ယောက်လောက်တော့ သေတယ်။ ထိခိုက်ဒဏ်ရာရတာတော့ များတယ်။ ထိခိုက်သေဆုံးတာအရင်တစ်ခေါက်ထက်စာရင် နည်းတယ်လို့ ပြောရမှာပေါ့။ မှိုင်းဆွဲခံရတာတော့ ၆ကြိမ်လောက်ရှိတယ်။အဲမှာ ရှိမရှိတော့ မသိရဘူး။ကျနော်တို့ဘက်ကတော့ မရှိပါဘူး။

မေးဘာတွေဖြည့်စွပ်ပြောချင်လဲ

ဖြေထွေထွေထူးထူးမရှိတော့ပါဘူး။

Show More

Related Articles

Back to top button