စစ်ပြေးဒုက္ခသည်များဖမ်းဆီးခံရမှုသတင်း

ကဇူးကျေးရွာမှာ ထွက်ပြေးနေတဲ့ စစ်ရှောင်တွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်

မြစ်ကြီးနားဗန်းမော်ကားလမ်းမပေါ် ၊ ကဇူးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းမှာခိုလှုံနေတဲ့ နမ်ဆန်ယန် စစ်ရှောင်ပြည်သူ  ဦးကို စစ်တပ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၇၊ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဘုရားကျောင်းဝင်းထဲကို ပြည်သူ့စစ်အဖွဲ့က ကား ၁ စီးနဲ့ ဝင်လာပြီး စစ်ရှောင် ၈ ဦးကို လာရောက်ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ဟုတ်တယ် ခဏက ၁ နာရီမှာ လာဖမ်းခေါ်သွားတယ်။ ပြည်သူ့စစ်တွေ ကား ၁ စီးနဲ့ ဝင်လာပြီး လာဖမ်းခေါ်သွားတာ။ အမျိုးသား သီးသန့်ဟုတ်တယ်။ အင်အားဘယ်လောက်နဲ့ ဝင်လာပြီး ဖမ်းသွားတာတော့ မမှတ်မိတော့ဘူး။ ဖမ်းခေါ် ပြီး ဟိုးဘက် တိုက်ပွဲဖြစ်နေတဲ့ နမ်ဆန်ယန်ဘက်ကို ခေါ်သွားတယ်။ အခုရွာက လူကြီးတွေ လိုက်တော့လိုက်နေတယ်။လို့ ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIO ဌာနချုပ်လိုင်ဇာအနီးက နမ်ဆန်ယန်ကျေးရွာဘက်ကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာပဲ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဘက်က စစ်ရှောင်ရွာသားတွေကို လူသားဒိုင်းအဖြစ်ဖမ်းခေါ် လာတာလို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ အသင်းတော်တာဝန်ရှိသူတွေက ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်ဖို့ ကြိုးစားနေပြီး ပြည်သူ့စစ်ဘက်ကလည်း ပြန်လွတ်ပေးမယ်လို့ ပြောဆိုထားတဲ့အကြောင်း သူက ဆက်ပြောပါတယ်။

ခဏက ပြန်လွတ်မယ်လို့တော့ ဖုန်းဆက်လာတယ်။ ဘာကြောင့် ခေါ်သွားတာလဲ အကြောင်းအရင်း ကောင်းကောင်းလည်း မသိရဘူး။ ချက်ချင်းဝင်ခေါ်တာဆိုတော့ သူတို့က ကြောက်လို့လည်း ဖြစ်နိုင်တာပေါ့။ ပြည်သူ့စစ်တွေက စစ်တပ်နဲ့အတူ ဟိုဘက်မှာ အင်အားဖြည့်ကူနေတယ်လေ။ လမ်းမှာ ပစ္စည်းမပေးသင့်ရင် မပေးဖို့၊ ပေါ်တာဆွဲတာပေါ့။ ကျနော်တို့ကတော့  ရွာသားပြည်သူတွေပါတော့ သူတို့အတွက်လည်း လုံခြုံလို့ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာလို့ မြင်တယ်ဟု၎င်းက ဆက်ပြောပါတယ်။

စစ်ကောင်စီက တစ်ပတ်မှာ နှစ်ကြိမ်ခန့် နမ့်ဆန်ယန်ဘက်ကို စစ်အင်အား ၅၀ နဲ့ ၈၀ ကြား ပုံမှန် သွားလာလှုပ်ရှားနေတဲ့အတွက် သူတို့ကို ဒဘတ်ယန်၊ မလိယန် ၊ ဂျာပူ စတဲ့ကျေးရွာ နေရာတစ်လျှောက်မှာ KIA နဲ့ တိုက်ပွဲပုံမှန်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်း ကတည်းက KIO ဌာနချူပ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး KIA နဲ့ တိုက်ပွဲ ပြင်းထန်လာတာကြောင့် နမ်ဆန်ယန်ကျေးရွက ဒေသခံပြည်သူတွေဟာ ထွက်ပြေး ခိုလှုံနေကြဖြစ်ပါတယ်။

နမ်ဆန်ယန် စစ်ရှောင်တွေထဲက အများစုကတော့ ဝိုင်းမော်၊ မြစ်ကြီးနားမြို့က စစ်ရှောင်စခန်းတွေမှာ ပြန်လည်ရောက်ရှိနေပြီး တချို့ကတော့ ကဇူးနေရပ်ပြန်ကျေးရွာက KBC အသင်းတော်ဝင်းမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။

နေရပ်ပြန်စစ်ရှောင်တွေနဲ့ ကဇူးကျေးရွာမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေကို စစ်ကောင်စီတပ်က အခုလို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

Show More

Related Articles

Back to top button