ဖမ်းဆီးခံရမှုသတင်း

လူသားဒိုင်း အသုံးပြုခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ်ပေမယ့် တစ်ဦး ဒဏ်ရာရရှိ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ စစ်ရှောင် ၈ ဦး ပြန်လွတ်လာခဲ့ပေမယ့် တစ်ဦးကတော့ ရှေ့တန်းမှာ မိုင်းပေါက်ကွဲပြီး ခြေထောက်ဒဏ်ရာနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ကဇူးခရစ်ယာန်ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင် အမျိုးသား ၈ ဦးကို ဖမ်းဆီးသွားပြီးနောက် ည ၇ နာရီဝန်းကျင်မှာ ပြန်လာပို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။

မနေ့ည ၇ နာရီဝန်းကျင်မှာ ပြန်လာပို့တယ်။ သူတို့ကို ဟိုဘက်ခေါ်သွားပြီး ပစ္စည်းတွေ ဘာတွေ မခိုင်းတယ်တဲ့။ ရှေ့တန်းမှာ တစ်နေရာမှာ နားပြီး ပြန်ထွက်လာတဲ့အချိန် မိုင်းပေါက်ကွဲပြီး တစ်ယောက်ကတော့ ခြေထောက်မှာ ထိခိုက်လာတယ်။ ရွာက လူကြီးတွေနဲ့ စစ်ရှောင်ကူညီနေတဲ့ အသင်းတော်ခေါင်းဆောင်တချို့ လိုက်ပြီး ညှိနှိုင်းတောင်းဆိုပြီး သူတို့ ညနေ ပြန်လာပို့တယ်။ လို့ ပြောပါတယ်။

စစ်ကောင်စီ နဲ့ ပြည်သူ့စစ် စစ်ကြောင်းတွေက နမ်ဆန်ယန်ဘက်ကို အင်အားဖြည့် ထိုးစစ်ဆင်ဖို့ ကဇူးဘုရားကျောင်းက စစ်ရှောင်အမျိုးသား ၈ ဦးကို ကားနဲ့ ဝင်ရောက်ဖမ်းခေါ်သွားပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ရှောင်ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒဘတ်ယန်ကျေးရွာတစ်ဖက်ကမ်းကို ချီတက်လာစဉ် ဘတ်နန်ကျေးရွာအထက် ဆမားလမ်းကွေ့အနီးတဝိုက်မှာ KIA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ ဦးရွှေမင်းပြည်သူ့စစ်တပ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိတဲ့အကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိ နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီဘက်က ဆက်တိုက်ထိုးစစ်ဆင်နေသလို ပြည်သူ့စစ်တပ်ဖွဲ့ဘက်ကလည်း အင်အားဖြည့်ကူ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

KIO ဌာနချူပ်အနီး နမ်ဆန်ယန်ဘက်ကို စစ်ကောင်စီတပ်တွေက ဗန်းမော်ဒေါ့ဖုန်းယန် ကားလမ်းဘက်ကနေ ထိုးစစ်ဆင်နေသလို ဝိုင်းမော်ဘက်ကနေလည်း ထိုးစစ်ဆင်နေပြီး အဲဒီစစ်ကြောင်းတွေမှာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လေ့ရှိနေတဲ့အတွက် စိုးရိမ်နေရတယ်လို့ အထက်ပါ ဒေသခံတစ်ဦးက အခုလို ဆက်ပြောပါတယ်။

ကျနော်တို့က အခုလို ဖြစ်လာတော့ အရမ်းတွေဝေခြောက်ခြားသွားတယ်။ ဘယ်လို ဆက်လက်နေနေကြမလဲ၊ ပြီးခဲ့တဲံ့ လတွေ ရက်တွေတုန်းကတော့ ရွာအနီးပတ်ဝန်းကျင် သေနတ်သံတွေ လက်နက်သံတွေ ကြားရပေမဲ့ နေလို့ရပါသေးတယ်ဆိုပြီး၊ စိုးရိမ်ပေမဲ့လို့ တစ်ခါပြန်လည် ထူထောင်ထားပြီဆိုတော့ လွယ်လွယ်ပြန်ထားခဲ့လို့မရဘူး ဆိုတဲ့ စိတ်နဲ့ နေနေကြတာပေါ့။ ဒါပေမဲ့ အခုလို စစ်ကြောင်းက လူသားဒိုင်းဖမ်းခေါ်တာတွေ၊ ပေါ်တာဆွဲတာတွေ လုပ်လာတော့ အားလုံးထိတ်လန့်ကုန်တာပေါ့။ လို့ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက KIO ဌာနချူပ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး KIA နဲ့ တိုက်ပွဲ ပြင်းထန်လာတာကြောင့် နမ်ဆန်ယန်ကျေးရွာက ဒေသခံပြည်သူတွေ ထွက်ပြေး ခိုလှုံနေကြတာဖြစ်ပါတယ်။

နမ်ဆန်ယန် စစ်ရှောင်တွေထဲက အများစုကတော့ ဝိုင်းမော်၊ မြစ်ကြီးနားမြို့က စစ်ရှောင်စခန်းတွေမှာ ပြန်လည်ရောက်ရှိနေပြီး တချို့ကတော့ ကဇူးနေရပ်ပြန်ကျေးရွာက KBC အသင်းတော်ဝင်းမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။

နေရပ်ပြန်စစ်ရှောင်တွေနဲ့ ကဇူးကျေးရွာမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေကို စစ်ကောင်စီတပ်က အခုလို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

Show More

Related Articles

Back to top button