သတင်း

ချင်းတွင်းမြစ်ကြောင်းမှာ စစ်သင်္ဘောတွေက ကျေးရွာတွေကို ပစ်ခတ်သဖြင့် ဒေသခံများ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းဒေါင် ဆိပ်ကမ်းကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေက မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေကို ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၇ရက်နေ့ မနက်ပိုင်း ချင်းတွင်းမြစ်အတိုင်း စစ်ဘက်သုံးရေယာဥ်တစ်စီး စုန်ဆင်းခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာ နောက်ထပ် စစ်သင်္ဘော ၁၆ စီး ဆက်လက်စုန်ဆင်းလာပြီး မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

သူတို့ကမုံရွာနယ်ကျော်တာနဲ့ကိုတောက်လျှောက် ပစ်တော့တာ ကမ်းဘေးဝဲယာကိုပစ်တာ ရမ်းသမ်းပစ်တာပေါ့။ ၆၀မမတွေ သူတို့တင်လာတဲ့ လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ပစ် တစ်မျိုးစုံပဲ မနေ့ကပစ်ခတ်မှုမှာတော့ ဘုန်းကြီးကျောင်းတစ် ကျောင်းထိမှန် ပျက်ဆီးတယ်။ နေအိမ်တွေလည်းထိမှန်တာတွေရှိတယ် ဒီနေ့လည်းထိမှန်တာတွေရှိတယ် ထိခိုက်မှု အသေးစိတ်တော့မသိရသေးဘူးလို့ပြောပါတယ်။

အဲ့ဒီစစ်သင်္ဘောတွေက ခန္တီးဘက်ကနေ ကျောက်စိမ်း၊ ကျောက်မီးသွေး နဲ့ ကနီနယ်ထဲက သစ်၊ ကြေးနီ တင်ပြီး စုန်ဆင်းလာကြတဲ့ စစ်သင်္ဘောအုပ်စုဖြစ်ကြတယ်လို့ သိရပါတယ်။

စစ်သင်္ဘောတွေ ပစ်ခတ်မှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီစစ်သင်္ဘောတွေက အထက်မှာ ကျန်နေတဲ့အရင်းအမြစ်တွေကိုထုတ် နေတဲ့အနေအထားဖြစ်နေတယ်။ လုံခြုံရေးလည်း အပြည့်ပေးထားတယ် မြစ်ရိုးတစ်လျှောက်ကို သူတို့ပဲကြီးစိုးနေတဲ့ပုံစံဖြစ်နေတာဒေသခံ တွေဆိုလည်း ရှောင်နေကြရတာတော့ ရွာ၁၀ရွာလောက်ရှိမှာပေါ့ သူတို့စုန်လာပြီဆိုတာနဲ့ရွာသားတွေ ရှောင်ကြရတာပေါ့ ယာယီပုံစံမျိုးရှောင်ကြရတယ်လို့ပြောပါတယ်။

စစ်သင်္ဘောတွေကို ချင်းတွင်းမြစ်ကမ်းဘေးတစ်လျှောက် တော်လှန်ရေးအင်အားစုတွေ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ စစ်သင်္ဘောတစ်စီး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ချင်တွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကတော့ စစ်ဘက်သုံးရေယာဥ် ၄ စီး၊ မိုးကာအုပ်ထားတဲ့ ရေယာဥ် ၇စီး၊ သစ်တင်လာတဲ့ သင်္ဘော ၅ စီး စုစုပေါင်း ၁၆ စီး ဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား ၈ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က စက်တင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်ထား ပါတယ်။

Show More

Related Articles

Back to top button