သတင်း

ဝန်းသိုမှာ ကလေးတွေစာသင်နေချိန် လက်နက်ကြီးကျလို့ ကလေးငယ် ၁၉ ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် ဂျိုးထောင်ရွာက ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်ဘက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ စာသင်နေတဲ့ ကလေး ၁၉ ယောက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ဝန်းသိုမြို့အခြေစိုက် ခမရ ၁၀၂ တပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ လက်နက်ကြီးထိမှန်ခဲ့တဲ့ ကလေးတွေထဲက ကလေး ၇ယောက်ကတော့ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဒီအတိုင်း အကြမ်းဖက်ပစ်ခတ်တာပါ ဘာအကြောင်းမှမရှိ ဘာတိုက်ပွဲမှမရှိပဲ ပစ်ခတ်တာပါဗျ တိုက်ရိုက် မမှန်တာ ကံကောင်းတယ်လို့ပြောရမှာပေါ့ဗျာ လောလောဆယ်အထိတော့ မြို့နယ် ပအဖတွေက ကုသမှုတွေ ဆောင်ရွက်နေပါတယ်ဗျလို့ပြောပါတယ်။

လက်နက်ကြီးထိမှန်ခဲ့တဲ့ကလေးငယ်တွေဟာ မူလတန်းအဆင့် ကျောင်းသား/သူ တွေဖြစ်ပြီးတော့ကလေးတွေကို စာသင်ကြားပေးတဲ့ ဆရာမတစ်ယောက်လည်း ဒဏ်ရာရရှိခဲ့သေးတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဟောင်ဝစ်ဇာ အမျိုးအစား ၁၂၀ မမ လက်နက်ကြီးတစ်မျိုး နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီး ၃လုံးအထိ ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ကတော့ သူ့လုပ်ရပ်အတိုင်း ပြည်သူတွေအပေါ်ကိုတော့ မလျော့တမ်းဆောင်ရွက် နေတာကိုပြည်သူတွေ သတိမပြတ်ကြဖို့ တိုက်တွန်းလိုပါတယ် တော်လှန်ရေးအမြန် အောင်မြင်အောင် ပြည်တွင်း/ပြည်ပ မှ ဝိုင်းဝန်းကူညီပေးကြစေလိုပါတယ်ဗျလို့ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရNUGကာကွယ်ရေးဝန်ကြီးဌာနကလည်း ဝန်းသိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့လက်နက် ကြီးပစ်ခတ်မှုကြောင့် စာသင်နေတဲ့ ကလေးငယ် ၁၆ ဦးဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီထဲက ၆ဦးက ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ မနေ့ကပဲသတင်းထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ခန္တီဝံသာရမ ဘုန်းတော်ကြီးကျောင်းဟာ ဝန်းသိုမြို့နယ် မြောက်ဘက် မြို့နယ် ၁၀မိုင်ခန့်အကွာက ဂျိုးထောင်ဘုန်းကြီးကျောင်းအတွင်းတည်ရှိတာလို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်ဟာ ဘာသာရေးအဆောက်အဦးတွေ နဲ့စာသင်ကျောင်း တွေကို ကာကွယ်ရေးတပ်တွေ တပ်စွဲထားတယ်လို့ စွပ်ဆွဲပြီး လက်နက်ကြီး၊လက်နက်ငယ်တွေအပြင် လေကြောင်းကနေပါ မကြာခဏ တိုက်ခိုက်လေ့ရှိပြီးကလေးငယ်တွေသေဆုံးမှုတွေရှိနေတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ လက်အောက်ခံတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနဲ့ အရပ်သား စုစုပေါင်း ၄၁၂၀ ယောက် သေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP ရဲ့ မနေ့က စက်တင်ဘာလ ၂၆ရက်နေ့ ထုတ်ပြန်ချက်အရ  သိရပါတယ်။

Show More

Related Articles

Back to top button