စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဟုမ္မလင်း PDF ၊ မဟာမိတ် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့၊ အင်အား ၅၀ လောက်ရှိတဲ့ SNA တပ်တွေဟာ ဟုမ္မလင်းမြို့တောင်ဘက် မိုင် ၂၀ ကျော်ဝေးတဲ့ ရွှေပြည်အေးမြို့အနီး စစ်ရေးလှုပ်ရှားလာရာကနေ ဟုမ္မလင်း PDF မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ HPDF ၊ HPDF124၊ HPDF မိုကြိုးတပ်ဖွဲ့၊ LPDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် ဒီကနေ့အထိ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက KNG ကို ပြောပြလာပါတယ်။
“ရှမ်းနီတပ်တွေက ဟုမ္မလင်းမြို့ထဲကနေ ရွှေပြည်အေးဘက်ကိုဝင်လာတာ မနက် ၈နာရီခွဲလောက်မှာ တိုက်ပွဲက ၉နာရီကနေ စဖြစ်တာပါ့။ ရွာထဲမှာတော့မဟုတ်ဘူး နည်းနည်းရွာစွန်ဘက်လို့ ပြောလို့ရတယ်ရွာအဝင်နားမှာဖြစ်ကြတာ။ ရွာသားတွေကတချို့ မနေ့ကပြေးတယ် ဒီနေ့ကတော့ အားလုံးနီးပါးကိုပြေးကြပြီ”လို့ ဟုမ္မလင်းဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အတွက် ရွှေပြည်အေးမြို့ရပ်ကွက်တွေဖြစ်တဲ့ ချမ်းသာကျွန်းရပ်ကွက်၊ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်အပါအဝင် ရပ်ကွက် ၁၁ ခု အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ထဲက အများပိုင်းထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁ ရက်နေ့ မြို့ ထဲမှာ SNAတပ် နဲ့ PDF တို့နှစ်ဖက်တိုက်ပွဲကြောင့် ရှစ်တန်းကျောင်းသူ တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ဘယ်ဖက်ကပစ်တဲ့ကျည်လေးတော့မသိဘူး ကျောင်းသူလေးက မနက် ၉နာရီဆိုတော့ ကျူရှင်ဆရာမဆီသွားတာလေး အဲ့တာသူ့ဘက်ကိုကျည်မှန်သွားတာ အခုဟုမ္မလင်းဆေးရုံကြီးမှာဆေးကုနေရတယ်”လို့ အထက်ဖော်ပြပါအမျိုးသမီးက ပြောပါတယ်။
လက်ရှိ ရွှေပြည်အေးဘက်ကို PDF နဲ့ မဟာမိတ်တပ်တွေရှိနေသလို ဟုမ္မလင်းမြို့ထဲဘက်ကနေလည်း ရွှေပြည်အေး ဘက်ကို အချိန်မရွေး SNA တပ်တွေ ဝင်ရောက်လာနိုင်တဲ့အတွက် ရွှေပြည်အေး ဒေသခံတွေဟာ ဟုမ္မလင်းမြို့ပေါ်နဲ့ ဘေးလွတ်ရာ ကျေးရွာတွေက ဘုန်းတော်ကြီးကျောင်းတွေမှာ ပြောင်းရွေ့နေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ရွှေပြည်အေးမြို့ဟာ ချင်းတွင်းမြစ်ကမ်းဘေး အိန္ဒယနယ်စပ်အနီး မြစ်ရဲ့အရှေ့ဘက် မှာတည်ရှိတာဖြစ်ပြီး လက်ရှိ SNA က ထိန်းချုပ်ဖို့ ကြိုးစားနေသလို PDF နဲ့မဟာမိတ်တပ်တွေကလည်း ထိန်းချုပ်ဖို့ကြိုးစားနေတာလို့ ဒေသခံတွေကဆိုပါတယ်။
စစ်အာဏာမသိမ်းမှီက ရွှေပြည်အေးမြို့မှာ ရဲစခန်း၊ ထွေအုပ်ရုံတွေ ထိုင်ထားတာဖြစ်ပြီး အာဏာသိမ်းနောက်ပိုင်းမှာတော့ ရဲစခန်း၊ ထွေအုပ်ရုံးတွေ မကြာခန တိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီက နောက်ဆုတ်ပေးလိုက်ရပြီးနောက် လက်ရှိ အချိန်ထိဘယ်အဖွဲ့အစည်းကမှ ထိန်းချုပ်ထားနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။
ရွှေပြည်အေးမြို့ မှာ ဒီနှစ်အတွင်း တိုက်ပွဲ ပေါင်း ၃ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီလို့ သိရပါတယ်။
ရွှေပြည်အေးမြို့က စစ်ကောင်စီတပ်စခန်းကို ဟုမ္မလင်း PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမယ့် ၃ရက်အကြာမှာ ပြန်လည်ဆုတ်ခွာခဲ့ရ တာဖြစ်ပါတယ်။
Related
URL Copied