တိုက်ပွဲသတင်း

ရှဒူးဇွပ် ကနွယ်တူ KIA တပ်စခန်း တိုက်ခိုက်ခံရ

တနိုင်းလီဒိုလမ်းမ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေ၊ ချောင်းဆုံမှော်အနီး ကနွယ်တူ KIA တပ်စခန်းတစ်ခုကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဒီမနက် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

KIA စစ်သား ၈ ယောက်လောက် နေထိုင်တဲ့ ကနွယ်တူတပ်စခန်းကို ဒီကနေ့ မနက်ပိုင်း ၄ နာရီလောက်မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KIA နဲ့ နီးစပ်သူ ရှဒူးဇွပ်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေလာတိုက်တာမှန်ပါတယ်။ အရမ်းကြီးထိခိုက်တာမျိုးတော့မရှိပါဘူး။ အဲ့မှာက နဂိုထဲကနေ စစ်သားအင်အားတွေလည်း သိပ်မရှိပါဘူး။ အရင်တုန်းကလည်း တိုက်ခိုက်ခံရတာရှိပါတယ်လို့ပြောပါတယ်။

ကနွယ်တူ တပ်စခန်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီးတော့ KIA ဘက်ကနေ အသေးစိတ်ပြောဆိုတာမျိုး မရှိပါဘူး။ ပြည်သူ့စစ်အဖွဲ့အနေနဲ့လည်း ဘာကြောင့်လာရောက်တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရဘူးလို့ ဆက်ဆိုပါတယ်။

ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ အသုံးပြုနေတဲ့ တယ်လီဂရမ်ချန်နယ်မှာကတော့ ကနွယ်တူ KIA တပ်စခန်းနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး လက်နက်ပစ္စည်းတွေလည်း သိမ်းဆည်းနိုင်တယ်လို့ ရေးသားဖော်ပြထား တွေ့ရပါတယ်။

အဲဒီတပ်စခန်းကို မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လကလည်း သွားရောက်တိုက်ခဲ့ဖူးတာကြောင့် တိုက်ခိုက်ခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

ရှဒူးဇွပ်ဒေသမှာ ပြီးခဲ့တဲ့ ဇူလိုင်လထဲ ရှဒူးဇွပ်ကျေးရွာအတွင်းမှာရှိတဲ့ မင်းဇေသန့် ပြည်သူ့စစ်တပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၂ လောက်အကြာ တိုက်ပွဲသံတွေ ငြိမ်သက်သွားပြီး အခုတဖန် ပြည်သူ့စစ်အဖွဲ့က ပြန်လည်တိုက်ခိုက်လာတာဖြစ်ပါတယ်။

Related Articles

Back to top button