တိုက်ပွဲသတင်း

ထီးချိုင့်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဒီကနေ့ အောက်တိုဘာလ ၁၃ရက်နေ့ မနက်ပိုင်း ၇နာရီလောက်ကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ဘက်ကတော့ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

အင်အား ၁၆၀ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေအကြား ထီးချိုင့် မြို့နယ် မြောက်ဘက်ခြမ်း ရွှေလီရွာ နဲ့ ပျဥ်းစုရွာအကြား မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ထီးချိုင့်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

မနက် ၇နာရီခွဲလောက်မှာတိုက်ပွဲစဖြစ်တာဗျ ၂နာရီကျော်ကြာလောက်တိုက်ပွဲဖြစ်တာ ပြီးတော့ သိပ်မကြာ ခင်မှာပဲ လေကြောင်းတိုက်ခိုက်မှုလုပ်တယ် ပထမတစ်စီးကတော့ တိုက်ပွဲဖြစ်တဲ့ ပျဥ်းစုရွာပတ်လည်ကို ပစ်သွားတယ် နောက်တစ်စီးကတော့ ဝဲပြီးတော့ပဲပြန်ခေါက်သွားတယ်ဗျ စစ်တပ်ဘက်က လေကြောင်းသုံး တာဆိုတော့ တိုက်ပွဲကပြင်းထန်တယ်လို့ထင်တယ်လို့ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေ့လည် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်တွေဘက်ကနေ ထီးချိုင့်မြို့နယ်တွင်းကို  တံတာဦးကတက်လာတဲ့ ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လေကြောင်းက ပျဥ်းစုရွာဘုန်းကြီးကျောင်းနားကျတယ်လို့တော့ကြားပါတယ် ထိခိုက်မှုကိုတော့မသိရသေး ပါဘူးလို့ထီးချိုင့်ဒေသခံတစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း သံခွန်မော်တော်တွေ နဲ့ ရောက်လာတဲ့ တပ်ဖွဲ့တွေဖြစ်တယ်လို့ သိရပေမဲ့ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ပျဥ်းစုရွာဟာ ထီးချိုင့်မြို့နယ်မြောက်ဘက်ခြမ်း ထီးချိုင့်မြို့ နဲ့ ၆ မိုင်လောက် အကွာမှာရှိပြီး အိမ်ခြေ ၂၀၀လောက်ရှိတဲ့ ရွာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ပျဥ်းစုကျေးရွာအပါအဝင် ရွှေလီ၊ဆားတွင်း၊အလယ်တော၊ အင်ကြင်းကုန်း၊ ထန်းကုန်း စတဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင် နေကြ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်းကို မြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲ အခြေနေ တွေကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar က အောက်တိုဘာ၁၂ရက်နေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၁ဒသမ ၆သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား ၈သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထား ပါတယ်။

Show More

Related Articles

Back to top button