တိုက်ပွဲသတင်း

ခလားနဲ့ ဒိန်ဂါကြားမှာ စစ်ရိက္ခာသယ်ယာဉ်တန်းကို လုံခြုံရေးယူတဲ့ စစ်ကြောင်း နဲ့ KIA တပ် တိုက်ပွဲဖြစ်

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အနီး ခလားနဲ့ ဒိန်ဂါ ကျေးရွာ ၂ ခုကြားမှာ စစ်ကောင်စီရဲ့ စစ်ရိက္ခာသယ် ယာဉ်တန်းထွက်ခွာဖို့ရန်အတွက် လုံခြုံရေးဖြည့်တင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက် ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်ကနေ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းက စစ်အင်အား ၆၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ  ဒေါ့ဖုန်းယန်အထက် ခလားအထိ နယ်မြေလုံခြုံရေးရယူဖို့အတွက် စစ်ရေးလှုပ်ရှားလာတဲ့အချိန် ကချင်လွတ်လပ်ရေး တပ်မတော် KIA က တက်လာလို့မရအောင် ပိတ်ဆို့ တိုက်ခိုက် နေတာ ဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒေါ့ဖုန်းယန် ဒေသခံတစ်ယောက်က ပြောပါတယ်။

တိုက်ပွဲက အခုထိဖြစ်နေကြတာ ခလားနဲ့ ဒိန်ဂါကြားမှာဖြစ်တယ်။ ဒေါ့ဖုန်းကနေ ခလားနဲ့ ဒိန်ဂါ ဘက်ကို လုံးခြုံရေးယူကြဖို့ ဒီကနေ့ မနက်ကတည်းက ထွက်သွားကြတာဟုတ်တယ်။ အဲတာ ၉ နာရီလောက်ဆို ဖြစ်ကြပြီးကော အခုထိ ပစ်လိုက်နားလိုက်နဲ့ ဖြစ်နေကြတာလို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ လာမယ့် ဒီရက်ပိုင်းအတွင်းမှာပဲ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းမှာ ရောက်ရှိနေတဲ့ စစ်ရိက္ခာယ်ယဉ်တန်းတွေကို နမ်ဆန်ယန်အနီးတဝိုက် တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီ တပ်စခန်းနေရာဘက်တွေကို စစ်ရိက္ခာတွေ သွားရောက်ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဲဒါကြောင့် စစ်ရိက္ခာသယ်ယာဉ်တန်းတွေ မတက်လာနိုင်ဖို့ KIA က တက်လာမယ့် လမ်းကြောင်းအတိုင်း လုံးခြုံရေးယူ ဖို့ထွက်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။

လက်ရှိ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲမှာ စစ်ရိက္ခာသယ်ယာဉ်တန်း ၃၀ ကျော်လောက်ရှိနေပြီး အောက်တိုဘာလ ၁၀ ရက်နေ့မှာလည်း ဗန်းမော်ဘက်ကနေ စစ်အင်အား ၁၀၀ လောက်အပါ စစ်ရိက္ခာအပြည့်တင်ဆောင်လာတဲ့ စစ်ကား ၆ စီးက ဒေါ့ဖုန်းယန် စစ်တပ်စခန်းထဲရောက်ရှိနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်ရက်နေ့မှာပဲ ဗန်းမော်ဘက်ကနေ စစ်ကား ၆ စီးနဲ့ စစ်သားက အင်အား ၁၀၀ လောက်ရှိမယ် ဒေါ့ဖုန်းယန် တပ်စခန်းမှာ ရောက်နေတယ်။ အရင်က ရောက်နေတဲ့ စစ်ကားတွေနဲ့ အခု အသစ်ရောက်တဲ့ စစ်ကားတွေက ပြန်လည်ထွက်ဖို့ ပြင်ဆင်နေကြတာဟုတ်တယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

အဲဒီ စစ်ရိက္ခာသယ်ယာဉ်တန်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ထဲမှာပဲ စစ်ကား ၂၈ စီးက ဒေါ့ဖုန်းတပ်စခန်းကနေ ဒေါ့ဖုန်းယန်အထက်ကို ထွက်ခွာလာတဲ့အချိန် ခလားကျေးရွာမှာ တစ်ပတ်လောက်အကြာ KIA က လမ်းပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့ရာမှာ စစ်ကားပျက်စီးတာတွေ၊ ထိခိုက်သေဆုံးတာတွေအလွန်များလာတဲ့အတွက် ဒေါ့ဖုန်းယန် စခန်းထဲကို ပြန်လည်ခေါက်ဝင်သွားတဲ့ စစ်ကြောင်းတွေဖြစ်ပါတယ်။

အခု အဲဒီ စစ်ယာဉ်တန်းတွေဟာ ပြန်လည်ထွက်ခွာဖို့ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဒီရက်ပိုင်းအတွင်း ဒေါ့ဖုန်းယန် အထက် ခလားနဲ့ ဒိန်ဂါ စတဲ့ကျေးရွာ နယ်မြေတစ်လျှောက် တိုက်ပွဲတွေ ဆက်တိုက်ပြန်လည် ဖြစ်ပွားလာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

Show More

Related Articles

Back to top button