တိုက်ပွဲသတင်း

မအူပင်မှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေ နေအိမ်မီးရှို့တာတွေလုပ်ဆောင်နေ

ဖားကန့်သွားလမ်း ကားမိုင်းအထွက် မအူပင်ကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး နေအိမ်တစ်ချို့လည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက် ဒီကနေ့ မနက် ၄ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ နန့်ယားစစ်တပ်ကုန်းကနေ ခြေလျင်နဲ့ ကားမိုင်းဘက်ကို ဦးတည်ပြီးတော့ ဆင်းလာတဲ့အချိန် ၉ နာရီလောက် မအူပင်အရောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းဆွဲတိုက်ခိုက်လိုက်တယ်လို့ မအူပင်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

“တိုက်ပွဲက ၉ နာရီလောက်မှာ စဖြစ်တာ။ ဟိုဘက်ကနေ စစ်ကြောင်းဆင်း လာတာကို KIA ဘက်ကနေ စပြီးတော့ မိုင်းဆွဲတိုက်ခိုက်လိုက်တာ ၃ ကြိမ်လောက် ရှိတယ်။ အဲ့မှာ စစ်ကောင်စီဘက်ကနေ ထိခိုက်တာတွေရှိတော့ မအူပင်က နေအိမ် ၂ လုံးလောက်ကို မီးရှို့ဖျက်ဆီးကဖျက်ဆီးပေးလိုက်တယ်”လို့ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုမှာ စစ်သား ၂ ယောက်သေဆုံးမှုရှိခဲ့တာကြောင့် မအူပင်မှာရှိတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့ပြီး သေဆုံးသွားတဲ့ တပ်သား ၂ ယောက်ရဲ့ရုပ်အလောင်းကို နန့်ယားဘက်ကို ပြန်လည်သယ်ယူသွားတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုအချိန်ဟာ နာရီဝက်လောက်သာ အကြာမြင့်ခဲ့ပြီး လက်ရှိအချိန်အထိ မအူပင် တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KIA ၂ ဖက်တပ် အပြန်အလှန် စောင့်ကြည့် နေကြတဲ့ အချိန်ဖြစ်တဲ့အတွက် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီဘက်ကနေ သေနတ် ပစ်ဖောက်၊ နေအိမ်မီးရှို့တာတွေ လုပ်ဆောင်နေတာကြောင့် မအူပင်ဒေသခံ အားလုံးက လက်ရှိမှာ နီးစပ်နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပြီး ဒေသခံတွေ ထိခိုက် ဖမ်းဆီးမှုရှိ မရှိက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

နန့်ယားဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်းဟာ ပြီးခဲ့ ရက်ပိုင်းအတွင်းမှာပဲ မိုးကောင်းမြို့နယ်ဘက်က ဖားကန့်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့စစ်ကြောင်းဖြစ်ပြီး အောက်တိုဘာ ၁၀၊ ၁၁ ရက်တွေမှာ ဖားကန့် လမ်းတစ်လျှောက်မှာှရှိတဲ့ ဆိုင်းဖရာ၊ ကပ်မှော်၊ ကျောက်ထု စစ်တဲ့ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကြောင်းလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ကပ်မှော်၊ ကျောက်ထု ခွန်စိုင်ဇွပ် စတဲ့ ကျေးရွာက ဒေသခံ ၁၀ ယောက်လောက်ကိုလည်း ဖမ်းဆီးသွားပြီး နန့်ယားစစ်တပ်ကုန်းမှာ ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button