သတင်း

ဒီပဲယင်းမှာ မိုင်းနဲ့လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ၁၅ ယောက်ထိခိုက်ဒဏ်ရာရပြီးတစ်ယောက် သေဆုံး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ရွာတွေထဲဝင်ရောက်စီးနင်းပြီး ထောင်ထားခဲ့တဲ့မိုင်းတွေနဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၅ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က ဒီပဲယင်းမြို့နယ် ပျော်ဘွယ်ရွာကနေအိမ်တစ်ချို့ကို စစ်ကောင်စီ တပ်ဖွဲ့တွေဝင်ရောက်စီးနင်းမီးရှို့ခဲ့တဲ့အတွက် မနေ့ကညနေပိုင်းမှာ ဒေသခံတွေရွာထဲရှင်းလင်းရေးဝင်လုပ်တဲ့အချိန် မိုင်းနင်းမိခဲ့တာလို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကတာဝန်ရှိသူ တစ်ယောက် ကပြောပါတယ်။

သူတို့က နေအိမ်တွေမီးရှို့ခံရလို့ အဲ့တာကိုမီးငြိမ်းသတ်ရင်း ရှင်းလင်းရေးဝင်လုပ်တာ အဲ့မှာမိုင်းလည်း နင်းမိတာ ပြီးရင်လက်နက်ကြီးတွေ နဲ့ ပစ်ခတ်သေးတယ် ၁၅ ယောက်လောက်ထိတာ ၁၃ယောက်က ဒဏ်ရာပြင်းထန်ခဲ့တယ် အဲ့တာ ဒီမနက်မှာပဲတစ်ယောက်ကဆုံးသွားတာလို့ပြောပါတယ်။

မိုင်းနဲ့လက်နက်ကြီးကြောင့် ဒဏ်ရာရရှိခဲ့တဲ့သူတွေဟာ အသက်၂၀ ကနေ ၄၀ ကြားအရွယ်ရှိ အမျိုးသားတွေဖြစ်ပြီးတော့ သေဆုံးခဲ့သူကတော့ အသက်၄၀ ဝန်းကျင်အရွယ်ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အား ရေဦးမြို့နယ်ကထွက်လာတဲ့ ခလရ ၇၁ စစ်ကြောင်းဖြစ်ပြီးတော့ ဒီပဲယင်းမြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတယ်လို့ဆိုပါတယ်။

ပျော်ဘွယ်နားကဒေသခံတွေလည်းအားလုံးရှောင်ခဲ့ကြရတာပေါ့ သူတို့ဘက်က လက်နက်ကြီးတွေ နဲ့ ရမ်းပစ်တာဆိုတော့ ရှောင်ရတာ ၇ရွာလောက်ရှိတယ် ဒေသခံ၄ထောင်လောက်ရှိမယ် အရေးပေါ် စစ်ရှောင်ပေါ့လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။

ပျော်ဘွယ်ကျေးရွာဟာ ဒီပဲယင်းမြို့ရဲ့အရှေ့ဘက်ခြမ်း ၁မိုင်အကွာမှာရှိပြီးတော့ ရေဦးမြို့နဲ့လည်း ၅ မိုင် သာကွာဝေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ဒီပဲယင်းမြို့နယ်ထဲမှာ အမြဲတမ်းစစ်ရှောင် အိမ်ထောင်စု ၁၀၀၀ နီးပါးရှိပြီး ပြီးခဲ့တဲ့လ မိုးရွာ သွန်းမှုတွေကြောင့် လမ်းတွေပျက်စီးနေတဲ့အတွက် စစ်ဘေးရှောင်တွေကိုစားနပ်ရိက္ခာနဲ့လိုအပ်တဲ့ ပစ္စည်းတွေထောက်ပံ့ဖို့ အခက်အခဲကြုံနေရတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်းကို မြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲ အခြေနေ တွေကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar က အောက်တိုဘာ၁၂ရက်နေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button