သတင်း

အဝေးသင်တက္ကသိုလ် ကျောင်းသား၊သူ အယောက် ၃၀၀ ကျော် စာမေးပွဲဖြေဆိုခွင့်မရတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ထား

မြစ်ကြီးနားတက္ကသိုလ်က ကျောင်းသား၊ အယောက် ၃၀၀ ကျော် စာမေးပွဲဖြေဆိုခွင့်မရတဲ့အတွက် မြစ်ကြီးနားမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ကျောင်းသား၊ကျောင်းသူတွေဆီကနေ သိရပါတယ်။

၂၀၂၃– ၂၀၂၄ အဝေးသင် ဒုတိယအသုတ်အတွက် ကျောင်းသား၊ ကျောင်းသူတွေဟာ စာမေးပွဲဖြေဆိုနေကြပြီဖြစ်ပေမယ့် နယ်ဝေးက ကျောင်းသား၊သူ အယောက ၃၀၀ ခုံနံပါတ်မရတာကြောင့် စာမေးပွဲဖြေဆိုခွင့်ဆုံးရှုံးနေကြရတယ်လို့ ကျောင်းသားတစ်ယောက်က ခုလိုပြောပါတယ်။

ကျွန်တော်တို့က နယ်ဝေးကဆိုတော့ မလာခင်ကတည်းက စားရေးမကို ကျောင်းအပ်ပေးထားလားလို့ မေးတော့ အပ်ထားပေးတယ်တဲ့၊ ခုံနံပါတ်လည်းကျပြီ စိတ်ချတဲ့၊ ခုံနံပါတ်ပြောပြလို့ ပြောတော့ အမြဲတမ်းအကြောင်းအမျိုးမျိုးပြပြီး ရှောင်တယ်၊ လာခဲ့ကြတော့လို့ပြောတော့ ကျွန်တော်တို့လည်း ဆင်းလာခဲ့တာပေါ့၊ ရောက်တော့လည်း ဘာမှမထူးဘူး၊ အဲ့လိုတွေဘဲလုပ်နေတယ်လေ၊ ရှောင်နေတယ်အခုလည်းလို့ပြောပါတယ်။

ကျောင်းအပ်စရိတ်တွေကိုလည်း နယ်ကမဆင်းလာခင်ကတည်းပင် ရှင်းပြီးသားဖြစ်ပေမယ့် စာမေးပွဲဖြေဆိုချိန်မှာတော့ ခုံနံပါတ်မကျလာတာကြောင့် သက်ဆိုင်တဲ့ပညာရေးဌာနတွေဆီ အသနားခံစာတင်ပေမဲ့ ထူခြားမှုမရှိတဲ့အတွက် အခုလို အမှုဖွင့်တာဖြစ်တယ်လို့ ကျောင်းသားတစ်ယောက်က KNG ကိုပြောပါတယ်။

လက်ရှိ အဝေးသင်ဒုတိယအသုတ်တွေဟာ အောက်တိုဘာလ ၂၀ ရက် မနေ့ကနေစပြီး စာမေးပွဲဖြေဆိုနေကြပြီဖြစ်ပေမယ့် နယ်ဝေးက ကျောင်းသား၊သူ ၃၀၀ ကျောင်းအပ်ဖို့အတွက် တာဝန်ယူပေးထားတဲ့ စာရေးမ ဒေါ်သင်းသင်းမြိုင်၊ ဒေါ်တင်ယဉ်မြင့် နဲ့ ဒေါ်ကြူကြူလှိုင်ဟာ ကျောင်းအပ်ထားပေးတာမရှိတဲ့အပြင် ခုချိန်ထိ ရှောင်နေတယ်လို့ စာမေးပွဲဖြေခွင့်ဆုံးရှုံးနေတဲ့ ကျောင်းသူတစ်ယောက်က ခုလိုပြောပါတယ်။

ခုံနံပါတ်ကလည်း မရတော့တာ သေချာသွားပြီလေ၊ ပါချုပ်တွေကိုယ်တိုင်ကလည်း နင်တို့စာမေးပွဲ ဖြေလို့မရတော့ဘူးတဲ့၊ အဲ့တော့ ကျောင်းသားတွေနဲ့တိုင်ပင်ပြီး သူ့အိမ်မှာ ပိုက်ဆံတောင်းဖို့ လုပ်တော့သူကိုယ်တိုင်က ပေးမယ်ဆိုပြီး ၁၉ ရက် ၂ နာရီ မှာချိန်းတယ်၊ ကျွန်မတို့ သွားစောင့်တယ် ၊ ပေါ်မလာတော့ဘူး၊ ပျောက်သွားတယ်ဟုပြောပါတယ်။

လက်ရှိမှာတော့ ကျောင်းသား အယောက် ၃၀၀ ကျော်ထဲက ၁၇ ယောက်ဟာ ရှေ့နေခေါ်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်မှာဖြစ်တယ်လို့ နောက်ထပ်ကျောင်းသူတစ်ယောက်က KNG ကိုပြောပါတယ်။

တစ်ချို့ကကျတော့ ပြန်သွားကြပြီးပေါ့ နယ်ဝေးလည်းဖြစ်တော့၊ ပြီးရင် တစ်ချို့ကကျတော့ ရုံးတွေဘာတွေ တက်ရမှာ ကြောက်တဲ့ သူတွေရှိတော့၊ ကျွန်မတို့ မိန်းကလေး ၁၄၊ ယောကျ်ားလေး ၃ ယောက်ပေါင်းပြီး အမှုဖွင့်မှာပေါ့၊ဒီနေ့တော့ ရှေ့နေတွေနဲ့ တိုင်စာရေးထားတယ်၊ မနက်ဖြန်တော့ သွားမယ်ဟုပြောပါတယ်။

စာမေးပွဲ ဖြေဆိုခွင့်မရတဲ့သူတွေထဲမှာ ကချင်ပြည်နယ်က ကျောင်းသားကျောင်းသူတွေ အပါအဝင် တစ်ခြားဒေသက တက်ရောက်တဲ့သူတွေ ပထမနှစ်ကနေ နောက်ဆုံးနှစ်သမားတွေအထိ မေဂျာအသီးသီးက ပါဝင်တယ်လို့သိရပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button