တိုက်ပွဲသတင်း

KIA တပ်မဟာ ၆ လေကြောင်းနဲ့တိုက်ခိုက်ခံရသဖြင့် အရာရှိအပါအဝင် ၅ ဦးသေဆုံး

ရှမ်းမြောက် မူဆယ်မြို့နယ် တီးမားကျေးရွာအနီးက KIA တပ်မဟာ ၆ ကို စစ်တပ်က ဂျတ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် KIA  အရာရှိအပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အောက်တို ၁၉ ရက်နေ့က မုံးပေါ်နဲ့ မုံးကိုးကြားက ဝိန်းလားတောင်မှာ အထိုင်ချနေတဲ့ စစ်တပ်ရဲ့ အချက်အချာကျ တပ်စခန်းကို KIA တပ်မဟာ ၆ အောက် တပ်ရင်း ၃၆ တပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် အောက်တိုဘာလ ၂၀ ရက်မှာတော့ စစ်ကောင်စီတပ်တွေက တီးမားကျေးရွာအနီးက မန်ကန်တောင် KIA တပ်မဟာ ၆ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဝိန်းလားတောင်တိုက်ပွဲမှာ အထိနာခဲ့တဲ့စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလ ၂၀ ရက်နေ့ မနေ့က မွန်းလွဲ ၂ နာရီခွဲကနေ ည ၉ နာရီအထိ KIA တပ်မဟာ ၆ နေရာကို လေကြောင်းနဲ့ ၁၀ ကြိမ်ထက်မနည်း အဆက်မပြတ်ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကို ပြောပါတယ်။

အကြီးဆုံး အရာရှိနဲ့ အရာရှိတချို့ ၊တပ်သားတွေလည်းပါတယ် အားလုံး ဦး ကျသွားတယ်။ အဲ့ဒါက ညနေပိုင်း လေယာဉ်နဲ့ လာပစ်တုန်းက အချက်အလက်၊ နာရီကနေ ပြန်လာပစ်တာ အဲ့ဒီမနေ့ည ပြန်လာပစ်တဲ့ထဲ ဘယ်လောက်ပြန်ကျပြီ ထိခိုက်ပြီဆိုတာ ဘယ်သူမှ မသိနိုင်ဘူး ဖုန်းအဆက်အသွယ်လည်း ခက်တယ်” လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ 

ဝိန်းလားတိုက်ပွဲအတွင်း စစ်သုံ့ပန်းတချို့လည်း ဖမ်းမိရထားသလို စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်တပ်က အခုလို KIA တပ်မဟာ ၆ ကို လေယာဉ်နဲ့ အဆက်မပြတ် ဗုံးလာကြဲတာဖြစ်တယ်လို့ ဒေသခံတချို့ သုံးသပ်ပြောဆိုနေကြပါတယ်။

ဒီဖြစ်စဉ်က မထင်ထားတဲ့အချိန် သတိမထားမိတဲ့အချိန် ဖြစ်သွားတယ်လို့ ယူဆလို့ရတယ်။ အခုတလောက ဒီဘက်မှာက တိုက်ပွဲအကြီးအကျယ်ဖြစ်တာလည်းမရှိဘူး။ ဆိုတော့ အောက်တိုဘာ ၁၉ ရက်နေ့က မုံးပေါ်အထက်က စစ်တပ်စခန်းကြီးကို တပ်ရင်း ၃၆ က သွားသိမ်းလိုက်တယ်။ တိုက်ပွဲမှာ သူတို့တော်တော် အထိနာတာကြောင့် အခုလို ပြန်လုပ်တာပေါ့။ ဒီရှမ်းမြောက်မှာ တပ်မဟာ က အဓိကပွိုင့် လို့ စစ်တပ်ဘက် ယူဆထားပုံရတယ်။” လို့ တီးမားဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ဒေသခံတွေ ပြောဆိုချက်အရ ဂျတ်လေယာဉ် အမြင့်မှာပျံပြီး အရင်ကလာတဲ့ ဂျတ်လေသံ ပုံစံမျိုးမဟုတ်သလို လေယာဉ်သံတိုးလွန်းတဲ့အတွက် အနည်းငယ်သာကြားခဲ့ကြရပြီး ဗုံးကျသံသာပြင်းအားကျယ်လောင်စွာကြားရတယ်လို့ ဆိုပါတယ်။ 

ဒ့ါအပြင် အောက်တိုဘာလ ၂၀ ရက်နေ့ မနေ့ကလည်း ကချင်ပြည်နယ် နမ်ဆန်ယန်အနီးက စစ်တပ်ရဲ့ လိုင်လွမ်အောင်ဂျာ တပ်စခန်းကို KIA ဘက်က သွားရောက်သိမ်းပိုက်နေပြီး တိုက်ပွဲပြင်းထန်နေချိန် အတောအတွင်းမှာဘဲ ရှမ်းမြောက် KIA တပ်မဟာ ၆ ဘက်ကို စစ်တပ်က လေယာဉ်နဲ့ အကြီးအကျယ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button