သတင်း

ရေမဆေးကျောက်ရှာဖွေသူတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအပိုင်မှာရှိတဲ့ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ကျင်းဟောင်းကမ်းပါးပြိုကျရာမှ ပျောက်ဆုံးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးရဲ့ ရုပ်အလောင်းပြန်လည်ဆယ်ယူရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီရုပ်အလောင်းကို အောက်တိုဘာလ ၂၂ ရက်နေ့မ‌ နေ့က ဆယ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ ရှာ ဖွေကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

“အခုက တစ်ယောက်ရဲ့ ရုပ်အလောင်းပေါ်လာတာပေါ့၊ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်”ဟု ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ မြေပြိုကျခဲ့တဲ့ လုပ်ကွက်ဟောင်းနေရာမှာ အောက်တိုဘာလ ၅ ရက်နေ့မှာလည်း မြေစာပြိုကျမှုတစ်ကြိမ်ဖြစ်ခဲ့ပြီး ရေမဆေးကျောက်ရှာသူတစ်ဦး မြေစာပိပြီးသေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

အဲဒီနေရာတစ်နေရာမှာဘဲ မြေစာပြိုကျမှုနှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့ပြိုကျမှုမှာ ပွဲချင်းပြီးသေဆုံးသူ တစ်ဦးနဲ့ ထိခိုက်ဒဏ်ရာပြင်းထန်သူ နှစ်ဦးရှိပြီး နောက်ထပ် ၅ဦး ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ခုပျောက်တဲ့ ၅ ယောက်ထဲက တစ်ယောက်ရဲ့ ရုပ်အလောင်းက ပုပ်ပွပြီးပေါ်လာတာ။ ရှာဖွေရေးလုပ်တဲ့သူတွေက စောင့်ကြည့်နေတုန်းလို့လုံးခင်းမှာနေထိုင်တဲ့အမျိုးသားတစ်ယောက်က ပြောပါတယ်။

အခင်းဖြစ်စဥ်နေရာဟာ ပြီးခဲ့တဲ့နှစ် ကျောက်စိမ်းတူးဖော်ရေးကာလ(ရာသီချိန်)မှာ ကုမ္ပဏီအစုအဖွဲ့ ငါးဦးထက်မနည်း လုပ်ကိုင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသမှာ နှစ်တိုင်းအောက်တိုဘာလက‌နေ နောက်တစ်နှစ်မေလအထိ ပွင့်လင်းရာသီ ကျောက်စိမ်းတူးဖော်ရေးလုပ်ကိုင်တဲ့ ဒေသအခေါ်(ရာသီချိန်)တွင် စက်ယန္တယားကြီး‌တွေနဲ့ ကျောက်စိမ်းတူးဖော်ကြတာဖြစ်ပါတယ်။

ခုလိုကျောက်စိမ်းတူးဖော်လုပ်ကိုင်တာ‌တွေကြောင့် နှစ်တိုင်း မြေစာပြိုကျတဲ့ ဘေးအန္တရာယ်တွေလည်း  ကြုံတွေ့နေကြရပြီး ဒီနှစ်သြဂုတ်လထဲမှာ မနမှော်မြေပြိုကျမှုမှာ ရေမဆေးကျောက်ရှာဖွေသူ ၃၃ဦး သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေ ဖြစ်ခဲ့ပါတယ်။

By – CJ

Show More

Related Articles

Back to top button