သတင်း

ကောလင်းမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း၂လောင်းတွေ့

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ မနေ့က အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း ၂ လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေသိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ အင်အား ၁၀၀ နီးပါးရှိတဲ့စစ်ကြောင်းဖြစ်ပြီး ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသကနေ ကောလင်းဘက်ကို ဝင်ရောက်လာတာဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့အင်းမရွာ နဲ့ တောင်ကြီးရွာအနီး တွေ့ရှိခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

အောက်ဘက်ကနေတက်လာတဲ့စစ်ကြောင်းပေါ့ အင်းမအရှေ့က တောင်ရိုးတစ်ခုမှာ ဟိုတစ်နေ့ကညအိပ် ကြတာ စစ်ကြောင်းကလည်းလာတော့ ပြည်သူတွေကလည်း စစ်ဘေးရှောင်ကြတာပေါ့ အဲ့မှာမနက်ပိုင်း လောက်မှာ တစ်ယောက်က သူ့ကြက်ခြံမှာ ကြက်မွေးထားတော့အစာကျွေးမယ်ရေတိုက်မယ်ဆိုပြီးသွားပြီး အပြန်မှာသတ်ခံလိုက်ရတာ နောက်တစ်ယောက်ကတော့တောင်ကြီးရွာနားမှာတွေ့တာလို့ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ အသက်၃၅ နှစ်အရွယ် အင်းမရွာသား ကိုစိုးလွင်ဖြစ်ပြီး ဦးခေါင်းမှာသေနတ်ထိမှန်ပြီး ဦးခေါင်းပွင့်ဒဏ်ရာနဲ့သေဆုံးနေတာဖြစ်ပြီး တောင်ကြီးရွားအနီးတွေ့ရှိတဲ့ ရုပ်အလောင်းကတော့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာအတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေကပြောပါ တယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းဟာ အင်းတက်ကျေးရွာ နဲ့ ပဒုမ္မာကျေးရွာနားကိုရောက်ရှိနေတဲ့အတွက် ကောလင်း အရှေ့ခြမ်းက ရွာပေါင်း၂၀ လောက်ကဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကအခုလိုပြောပါတယ်။

ကောလင်းအရှေ့ခြမ်းကတော့ ၄ ရက်လောက်ရှိပြီစစ်ဘေးရှောင်နေရတာ ရွာတိုင်းလိုပဲ ရွာပေါင်း၂၀ ကျော် လောက်ရှိတယ် ကောလင်းမှာကမိုးကလည်းရွာတော့စစ်ဘေးရှောင်တွေတော်တော်လေးအခက်တွေ့နေကြ တာပေါ့လို့ပြောပါတယ်။

အင်းမကျေးရွာဟာ ကောလင်းမြို့နယ်အရှေ့ခြမ်း ၈မိုင်လောက်အကွာက အိမ်ခြေ ၂၀၀ နီးပါးလောက်ရှိတဲ့ ကျေးရွာဖြစ်ပြီး တောင်ကြီးရွာနဲ့ ၃ မိုင်လောက်ကွာဝေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်းကို မြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲ အခြေနေ တွေကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar က အောက်တိုဘာ၁၂ရက်နေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button