သတင်း

စစ်ကောင်စီက ဖွဲ့စည်းပေးတဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာ မပါဝင်ကြဖို့ KIO ဥက္ကဋ္ဌ ပြောဆို

ကချင်ပြည်နယ်မှာ စစ်ကောင်စီက ဖွဲ့စည်းနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာ ပြည်သူတွေ မပါဝင်ကြဖို့ ယနေ့ ကျရောက်တဲ့ ၆၃ နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နေ့မှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောဆိုလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အထဲမှာရှိတဲ့ ကျေးရွာ ဒေသအလိုက် နေရာအသီးသီးမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ၎င်းတို့ထောက်တိုင်အဖြစ် အသုံးပြုဖို့ရန်အတွက် ဒေသခံတွေကို ပြည်သူ့စစ်အဖွဲ့အဖြစ် အတင်းအဓမ္မ ဖွဲ့စည်းခိုင်းနေပြီး ပြည်သူလူထုအချင်းအချင်းကြားမှာ ရန်သူသဖွယ်ဖြစ်လာအောင် လုပ်နေတယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန်းခွန်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ပြည်သူလူထု အချင်းချင်းရန်သူတွေဖြစ်လာနိုင်တယ်။ အဲဒီ ပြည်သူ့စစ်အဖွဲ့တွေထဲကို ပြည်သူလူထု ဘယ်သူမဆို မပါဝင်ကြဖို့နဲ့ အာလုံးရှောင်ကျဉ်ကြဖို့ အရေးတယူတိုက်တွန်းပြောဆိုချင်ပါတယ် လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ကို တိုက်ခိုက်ရန်အတွက် ပြည်သူ့စစ် အင်အားများပြားလာအောင် သက်ဆိုင်ရာ ဒေသအသီးသီးမှာ တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ လုပ်ပိုင်ခွင့်တွေ ခွင့်ပြုထားပြီးတော့ လက်ရှိ နိုင်ငံရေးကို ပိုမိုရှုပ်ထွေးစေအောင် လုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာစောင့်ကြည့်သူ တစ်ဦးက KNG ကို သုံးသပ်ပြောဆိုပါတယ်။

စစ်တပ်ရဲ့ လုပ်ရပ်က အခုလို ပြည်သူ့စစ်ကို အသုံးပြုပြီးတော့ လုပ်ဆောင်နေတာက အရင်ကတည်းကနေ ဖြစ်ပါတယ်။ အဓိကတော့ တော်လှန်ရေးအဖွဲ့တွေကို ပိုပြီးကြပ်တည်းလာအောင်၊ နိုင်ငံရေးပို ပြီးရှုပ်ထွေးသွားအောင် ပြည်သူ့စစ်တွေကို ထောက်တိုင်အသုံးပြုတယ်။ ပြည်သူ့စစ်အဖွဲ့တွေကို တရားမဝင်တဲ့ လုပ်ငန်းတွေ လုပ်စားခိုင်းတယ်။ လုပ်ပိုင်ခွင့်တွေ ပေးထားတယ်။ ဒီလိုနည်းလမ်းတွေနဲ့ မရရအောင်လုပ်ခိုင်းနေတာဖြစ်တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်ထဲမှာဆိုရင် မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်အောင် ပြည်သူ့စစ်အဖွဲ့တွေကို ဘိန်းစိုက်ပျိုးခွင့်နဲ့ မူးယစ်ရောင်းချခွင့်၊ စစ်တပ်နဲ့ ပူးပေါင်းပြီးတော့ ဒေသအတွင်းမှာ တရားမဝင် သဘာဝသယံဇာတထုတ်ယူသုံးစွဲခွင့်နဲ့ တရုတ်နိုင်ငံသားတွေကို တရားမဝင် ဝင်ရောက်ခွင့်တွေပေးတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဝိုင်းမော်၊ တနိုင်းလီဒိုလမ်းမပေါ် ဝါရာဇွပ်ဒေသ၊ ကားမိုင်း စတဲ့နေရာတွေမှာ ပြည်သူ့စစ်အားကောင်းလာပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့လည်း တိုက်ပွဲမကြာခဏ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ယနေ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဘင်ဘန်လရဲ့ မိန်ခွန်းထဲမှာလက်ရှိ စစ်ကောင်စီက ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်း ဖော်ပြထားပါတယ်။ စစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပဖို့နိုင်ရန်အတွက် ဒေသအလိုက် သန်ခေါင်စားရင် လိုက်လံကောက်ခံနေချိန် အဲဒီ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ပြည်သူလူထုတွေ မပါကြဖို့လည်း ဆက်လက်တိုက်တွန်းပြောဆိုထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းကြားမှာ ရွေးကောက်ပွဲပြုလုပ်ကျင်းပဖို့ စစ်တပ်က ကြိုးစားလုပ်ဆောင်နေတာဟာ နိုင်ငံရဲ့အခက်အခဲကို ကိုင်သွယ်ဖြေရှင်းနိုင်တဲ့ မနည်းလမ်းမဟုတ်ဘူးလို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်းပြောဆိုထားတာပါတယ်။

KIO ဟာ စစ်အာဏာရှင်စနစ် အမြစ်ပျက်ချေမှုန်းသွားမည်ဖြစ်ပြီး ပင်လုံးကတိကဝတ်ကိုအခြေခံတဲ့ ဖက်ဒရယ်နိုင်ငံတော်တည်ဆောက်နေတာကြောင့် စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့အစည်းများအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားလုပ်ဆောင်နေတာဖြစ်တယ်လို့ပါရှိပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button