တိုက်ပွဲသတင်း

နမ့်ဖတ်ကာမှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ယောက်နဲ့ ကလေးငယ်တစ်ယောက်သေဆုံး  ၆ ယောက်ထိခိုက်ဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက် နက်ကြီးကြောင့် အမျိုးသမီးတစ်ယောက်နဲ့ ကလေးငယ်တစ်ယောက်ကျည်ထိမှန် သေဆုံးပြီး နောက်ထပ်  ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၈နာရီဝန်းကျင်မှာ နမ့်ဖတ်ကာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ ခလရ ၁၇ တပ်တွေက အရပ်သားတွေနေထိုင်တဲ့ နေရာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး နမ့်ဖတ်ကာ ရပ်ကွက် ၄ မှာကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါတယ်။

ရပ်ကွက် ၄ က အိမ်နှစ်အိမ်ပေါ်ကျတာပေါ့ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက် ပွဲချင်းပြီးတဲ့ လောလောဆယ်သိရတာကတော့ ၂ယောက်ပွဲချင်းပြီးပေါ့လို့ပြောပါတယ်။

သေဆုံးခဲ့တဲ့ အရပ်သားတွေဟာ အသက် ၃၂ နှစ်အရွယ် ဒေါ်နန်ဘောက် နဲ့ အသက် ၇နှစ်အရွယ် မဆန်းဒေးလုအောင်တို့ဖြစ်တယ်လို့ သိရပြီး နောက်ထပ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၆ ယောက်ကတော့ နမ့်ဖတ်ကာဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

ရှမ်းမြောက်မြို့နယ်တစ်ချို့မှာ ဒီကနေ့ မနက်ပိုင်းကနေစပြီး စစ်ကောင်စီတပ်နဲ့လက်အောက်ပြည်သူ့စစ်တပ်တွေကို မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေက တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် နမ့်ဖမ်ကာမြို့အနီးမှာတော့ တိုက်ပွဲဖြစ်တာမရှိဘူးလို့ ဆိုပါတယ်။

နမ့်ဖတ်ကာထဲမှာတော့တိုက်ပွဲဖြစ်တာမရှိဘူး ဒီ ၁၃ မိုင်အကွာလောက်က နမ့်ခမ်းဘက်မှာဖြစ်နေတာတော့ကြားတယ်။ ဒါပေမဲ့လည်း ဒီတပ်ကကျတော့ ရမ်းသမ်းပြီးပစ်တဲ့လက်နက်ကြီးတွေက ရွာထဲမှာကျ ကျနေတာ လို့ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

လက်နက်ကြီးပစ်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေကတော့ နမ့်ဖတ်ကာမှာအထိုင်ချထားတဲ့ ခလရ ၁၂၃ တပ်စခန်းဖြစ်ပြီး စစ်ဒေသကွပ်ကဲမှုဌာနချုပ် စကခ ၁၇ တပ်ဖွဲ့တွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး တရုတ်မြန်မာ ပြည်ထောင်စုလမ်းမကြီးကိုလည်း ဒီကနေ့ မနက်ပိုင်း ၆ နာရီကစလို့ အရေးပေါ်ပိတ်ပင်လိုက်ကြောင်း ကိုးကန့်တပ် MNDAA က ထုတ်ပြန်လိုက်ပါတယ်။

လမ်းပိတ်တဲ့အခြေနေနဲ့ပတ်သက်လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ယောက်ကပြည်ထောင်စုလမ်းမကအခုမနက်မှာပိတ်လိုက်တော့ဘယ်သူမှသွားလာသူတော့လုံးဝမရှိတော့ဘူး လက်နက်ကြီး နဲ့ လက်နက်ငယ်သံတွေကတော့တော်တော်ကြားနေရတာ ဟိုက်ဝေးသွားတာ တွေတော့မရှိ တော့ဘူး တိုက်ပွဲက ရှမ်းမြောက် နေရာတိုင်းမှာလိုလို ကွက်ကြားဖြစ်နေတာ ပြီးရင် စစ်တပ်တွေကလည်း လက်နက်ကြီး တွေနဲ့ရမ်းပစ်တာတွေရှိနေတယ် “ လို့ ပြောပါတယ်။

ကိုးကန့်တပ် MNDAA ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ ရှမ်းပြည်နယ်အထူးဒေသ ၁ အတွင်းမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းဖို့၊ လောက်ကိုင်မြို့နယ်ထဲမှာရှိတဲ့ Online Game (ကျဖျင့်) ကုမ္ပဏီတွေ ကို ရှင်းလင်းဖို့ နဲ့ အဲ့ဒီကုမ္ပဏီတွေကို အကာကွယ်ပေးနေတဲ့ နောက်ကွယ်ကအဖွဲ့နဲ့ လားရှို့ကနေ အင်အားတိုးချဲ့ လာနိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဟန့်တားဖို့ လားရှိုးချင်းရွှေဟော်မူဆယ် လမ်းမကြီးကို အရေးပေါ် ပိတ်ပင်တာဖြစ်ကြောင်းဖော်ပြထားပါတယ်။

အရေးပေါ်ထုတ်ပြန်ချက်ကြေညာချိန်ကစလို့ ဘယ်အကြောင်းပြချက်နဲ့မှ ဖြတ်သန်းသွားလာခွင့်ပြုမှာမဟုတ် သလို ပိတ်ပင်ထားတဲ့အချိန်အတွင်း ဖြတ်သန်းသွားလာတာတွေလုပ်ရင် ရန်သူရဲ့ သယ်ယူပို့ဆောင်ရေးယာဥ်အဖြစ်မှတ်ယူပြီးပြင်းထန်စွာတိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် လားရှိုးမြို့ရဲ့အဝင်အထွက်တွေကိုလည်း စစ်ကောင်စီတပ်ဘက်က ပိတ်ထားသလို တိုက်ပွဲဖြစ်နေတဲ့နေရာတွေကိုလည်း တိုက်လေယာဥ်၊ ရဟတ်ယာဥ်တွေ အသုံးပြုပြီး တိုက်ခိုက်တာတွေရှိနေတယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button