တိုက်ပွဲသတင်း

ထီးချိုင့်မှာ စစ်ကောင်စီတပ်နဲ့KIA+PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းပစ်ကူ

စစ်ကိုင်း– ကချင်အစပ် ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ KIA+PDF ပူးပေါင်းတပ်တွေအကြား ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီးတော့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထီးချိုင့်မြို့ပေါ်ကနေထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒီကနေ့မနက်ပိုင်း ၃ နာရီလောက်မှာ ထီးချိုင့် အနောက်တောင်ဘက်ခြမ်းက ကြက်သွန်ခင်းရွာ နဲ့ မိချောင်းအိုင်ရွာအကြားမှာ တိုက်ပွဲပြင်းထန်နေတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

လေကြောင်းက Mi 35 နဲ့လာပစ်သွားတာ မိနစ်၂၀လောက်ကြာတယ်။ တော်တော်များများပစ်ခတ်မှုလုပ် သွားပါတယ်။ လေကြောင်းပစ်တာက တောင်ရိုးတစ်လျှောက်ပစ်တာပေါ့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့တော့ ဝေးပါ တယ် တစ်နေရာဆီ တစ်ခြားတပ်ဖွဲ့တွေအထိုင်ရှိတဲ့နေရာလို့ ယူဆရတယ် အခုပစ်တာက ထိတွေ့မှုက အခု ထိကိုဖြစ်နေတုန်းပဲ လက်နက်ကြီးသံတွေရော လက်နက်ငယ်သံတွေရောကြားနေရတယ်လို့ပြောပါတယ်။

လေကြောင်းပစ်ခတ်ခံခဲ့ရတဲ့နေရာဟာ မင်းဝံတောင်ရိုးတစ်လျှောက်ဖြစ်ပြီး တောင်ရိုးအနီးတစ်ဝှိုက်မှာလည်း အရပ်သားတွေနေထိုင်တဲ့ကျေးရွာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာတော့ ထီးချိုင့်မြို့ အနောက်တောင်ဘက်ခြမ်းမှာပဲ ထီးချိုင့်မြို့ပေါ်ကထွက်လာတဲ့စစ်ကောင်စီ စစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဧရာဝတီမြစ်ကြောင်းအတိုင်း သံခွန်မော်တော်တွေနဲ့ ရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းရှိတယ်လို့ ဒေသကာကွယ်ရေးတပ် တွေဘက်ကပြောပါတယ်။

ပြီးခဲ့တဲ့၂ ရက်လောက်ကတည်းက ဒေသခံတွေကတော့ရှောင်နေရတယ် တိုက်ပွဲဖြစ်နေတဲ့ မိချောင်းအိုက် ဘက်ကရွာတွေရော တောင်ရိုးတစ်လျှောက်ကရွာတွေအား လုံးရှောင်နေကြရတယ် ဒီမနက်ပိုင်းကိုပဲ ပြေးနေ ကြတာအများကြီးပဲ ဆိုင်ကယ်အတန်းတွေကိုမပျက်ဘူးလို့ပြောပါတယ်။

ဒါ့အပြင် ထီးချိုင့်မြို့နယ်အတွင်း မိုးရွာသွန်းမှုတွေကြောင့်လည်း ထွက်ပြေးတိမ်းရှောင်နေတဲ့ အရပ်သားတွေ အခက်အခဲတွေပိုကြုံတွေ့နေရပြီးတော့ လက်ရှိထွက်ပြေးနေရတဲ့ အရပ်သားထောင်နဲ့ချီရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်းကို မြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲ အခြေနေ တွေကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar ကအောက်တိုဘာ၁၂ရက်နေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၁ဒသမ ၆သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား ၈သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထား ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button