တိုက်ပွဲသတင်း

ရှမ်းမြောက် မြို့နယ် ၅ မြို့နယ်မှာ စစ်ကောင်စီရဲ့ ဗျူဟာစခန်းများ တစ်ပြိုင်နက်တိုက်ခိုက်ခံနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့နယ် ၅ မြို့နယ်မှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာကျစခန်းတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဒီကနေ့ နံနက်ပိုင်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ဆီကနေ သိရပါတယ်။

ကွတ်ခိုင်၊ နမ့်ခမ်း၊ လားရှိုး၊ မုံးစီး- မုံးကိုးမြို့၊ လောက်ကိုင်-ရှင်းရွှေဟော် စတဲ့နေရာတွေက စစ်တပ်စခန်းတွေကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်ဘက်လည်း လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေကြောင်း ကွတ်ခိုင်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

“မနေ့ည ၁၀ နာရီကစပြီး ကွတ်ခိုင်စစ်တပ်စခန်းကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ လက်နက်ကြီးနဲ့ ပစ်ထည့်ပေးပြီး စစ်တပ်ဘက်က ၁၀ နာရီခွဲထိ လက်နက်ကြီးဆက်တိုက်ပစ်ခတ်တယ်။ စစ်တပ်လက်နက်ကြီးကြောင့် မနေ့ည ပြည်သူ ၁ ယောက် ထိတယ်။ ဒီမနက် ၄ နာရီကနေ ပြန်စတယ်။ အခုထိ လက်နက်သံတွေ ဆက်တိုက်ပဲ။ အခုက နေရာတကာမှာဖြစ်နေတယ်။ လားရှိုး၊ နမ့်ခမ်း ၊ သိန္နီ၊ လောက်ကိုင် နေရာတကာပဲ” လို့ ကွတ်ခိုင်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက်၊ မနေ့ည ၁၀ နာရီက စတင်ပြီး ကွတ်ခိုင်မြို့  ခလရ ၂၄၁ တပ်စခန်း လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ဘက်လည်း လက်နက်ကြီးပြန်လည်ပစ်ခတ်တာကြောင့် ကွတ်ခိုင်မြို့ နမ့်ခုံးကျေးရွာက အသက် ၄၀ ကျော်အရွယ် ကလေး ၂ ယောက်အဖေ အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒီမနက် ၄ နာရီကစပြီး နေရာအနှံ တပြိုင်နက်တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး  မနက် ၅ နာရီလောက်မှာတော့ နမ့်ဖတ်ကာ-နမ့်ခမ်းလမ်းပိုင်းက ၁၂ မိုင် – ၁၃ မိုင် စစ်တပ်စခန်းကို TNLA တပ်ဘက်က တိုက်ခိုက်နေကြောင်း သိရသည်။

“လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်။ ဒီစစ်တပ်တွေ နေရာမရွေးဘူး ကွတ်ခိုင်ကနေဆို လားရှိုးလမ်းဘက်ရော နမ့်ခမ်းလမ်းဘက်ရော အရှေ့အနောက်တောင်မြောက် ဆက်တိုက်ကို ပစ်နေတယ်။ လားရှိုးဘက်လည်း အပြင်းအထန် တိုက်ပွဲဖြစ်နေတယ်လို့ အကြောင်းကြားလာတယ်။ အခု လောက်ကိုင် လမ်း ကွမ်လုံဘက်လည်း တိုက်ပွဲဖြစ်နေတယ်။” ဟု နောက်ထပ် ကွတ်ခိုင်ဒေသခံကပြောပါတယ်။

လာရှိုးမြို့အဝင် စုပေါင်းဂိတ်ဖျက်ဆီးခံလိုက်ရပြီးနောက် အဲ့ဒီတိုက်ပွဲအတွင်း ရဲတွေဘက်က အများအပြား ထိခိုက်သေဆုံး မှုရှိကြောင်း သိရပါတယ်။

ဒါ့အပြင် လောက်ကိုင်မြို့၊ မြန်မာ-တရုတ်နယ်စပ်က စစ်တပ်ရဲ့ အချက်အချာကျတဲ့ ရှင်းရွှေဟော်ကုန်း တပ်စခန်းကို ကိုးကန့် MNDAA တပ်ဖွဲ့က နံနက် ၄ နာရီကနေ စတင်တိုက်ခိုက်ပြီး မိုးလင်းတာနဲ့ အဲ့ဒီ တပ်စခန်းကို သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ မြောက်ပိုင်းမဟာမိတ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်တပ်စခန်းတွေကတော့ လားရှို့မြို့အဝင် ခလရ ၆၈ တပ်စခန်း၊ ကုန်းဆာရွာနဲ့ မုန်းဂျက် စစ်တပ်စခန်း၊ သိန္နီမြို့က စစ်ကောင်စီစခန်း၊ ကွတ်ခိုင် ခလရ ၂၄၁၊ ၂၄၂ တပ်စခန်း ၊ မုံးစီးဒေသ စစ်တပ်စခန်းအပါအဝင် နမ့်ခမ်းမြို့ စခန်းသစ်ကုန်း၊ မုံးကိုးမြို့နယ် တရုတ်-မြန်မာနယ်စပ် မန်ယပ်တောင်ကုန်းပေါ်ရှိ စခန်း နဲ့ တရုတ်-မြန်မာ နယ်စပ် လောက်ကိုင်-ရှင်းရွှေဟော် တပ်စခန်းတွေလည်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာဘဲ ရှမ်းပြည်နယ် အထူးဒေသ (၁) ထဲက စစ်ကောင်စီတပ်တွေကို အပြတ်ချေမှုန်းဖို့အတွက် လားရှိုး- ချင်းရွှေဟော်နဲ့ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးကို အရေးပေါ်ပိတ်ပင်ကြောင်း မြန်မာအမျိူသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် MNDAA က ဒီမနက်မှာ အရေးပေါ်ထုတ်ပြန်လိုက်ပါတယ်။

Show More

Related Articles

Back to top button