
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး”မှာ ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကလည်းပါဝင်တိုက်ခိုက်နေတယ်လို့ သိရပြီး ဘုံရန်သူတူရင် ဘယ်ဒေသမှာမဆို တိုက်ပွဲဖော်ဆောင်သွားမယ်လို့ BPLA က KNG ကို ပြောပါတယ်။
“ကျွန်တော်တို့တပ်ရဲ့မူကတော့ ဘယ်နေရာမှာပဲတိုက်ပွဲဖော်ဆောင်ရပါစေ ဘုံရန်သူကတူတယ်ဆိုရင် ကျွန်တော်တို့ကတိုက်မှာပဲ၊ နောက်တခုက ညီနောင်မဟာမိတ် ၃ ဖွဲ့ဆိုတာကလည်း ကျွန်တော်တို့တပ်ကို အစကနေအခုထိကူညီပံ့ပိုးနေတာဖြစ်ပြီး အခုတိုက်ပွဲတွေမှာပါ ပါဝင်ခွင့်ပေးထားတာပါ”လို့ BPLA ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းကပြောပါတယ်။
ဒါ့အပြင် လက်ရှိ ရှမ်းမြောက်ဒေသတွင်းဖြစ်နေတဲ့တိုက်ပွဲတွေအတွင်း ညီနောင်မဟာမိတ်တွေရဲ့ ဦးဆောင် မှုအောက်ကနေ တိုက်ပွဲဝင်နေရတဲ့အတွက် စစ်ရေးအတွေ့အကြုံတွေရပြီး မိမိဒေသမှာ တိုက်ပွဲတွေဖော် ဆောင်ချိန်မှာလည်း ပြန်လည်အသုံးချသွားမယ်လို့ သူကဆက်ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာပဲ BPLA ရဲ့ တရားဝင်ဖေ့ဘုတ်စ်စာမျက်နှာကနေ ရှမ်းမြောက်တိုက်ပွဲအတွင်း BPLA မှ ရဲဘော်များပါဝင်တိုက်ခိုက်နေကြောင်း ဓာတ်ပုံနဲ့တကွထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် BPLA ကွပ်ကဲရေးမှူးဖြစ်တဲ့ ကိုဆောင်းခ ကလည်း သူ့ရဲ့ ဆိုရှယ်မီဒီယာမှာအခုလိုပြောဆိုထား ပါတယ်။
“ကျနော်တို့ BPLA ကစိတ်ရှည်လက်ရှည်နဲ့ လူတွေအထင်အမြင်အလွဲခံ ပင်ပန်းဆင်းရဲဒဏ်ခံပြီး ၂ နှစ် ကျော် အကြာ တည်ဆောက်ခဲ့ရတာတွေကို အခုတစ်ခေါက်မှာတော့ ဗမာပြည်သူတွေ နားလည်လာနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ကျနော်တို့အတွက် ဒီတိုက်ပွဲက အခုမှစတာဖြစ်ပါတယ်”လို့ဆိုပြီး ရေးသားထားပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ “၁၀၂၇ စစ်ဆင်ရေး” အဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်၃ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က သိန္နီ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်နဲ့ ချင်းရွှေဟော်မြို့ တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို တစ်ပြိုင်နက်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။
တိုက်ပွဲအတွင်း တပ်စခန်းတစ်ချို့ကိုလည်း ညီနောင်မဟာမိတ်၃ဖွဲ့က သိမ်းပိုက်ထားနိုင်သလို စစ်ကောင်စီ တပ် ဘက်ကလည်း အထိနာနေတဲ့အတွက် လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေလည်းရှိ နေပါတယ်။
ဒါ့အပြင် လက်ရှိရှမ်းမြောက်တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ ကွမ်လုံ အရှေ့ဘက်ခြမ်းတွေမှာ ကိုးကန့်တပ် MNDAA က စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်နေသလို သိန္နီ နဲ့ လားရှိုး အနီးတစ်ဝှိုက်ကိုတော့ TNLA နဲ့ AA ပူးပေါင်းတပ်တွေက တိုက်ခိုက်မှုတွေရှိနေတယ်လို့ VOA သတင်းဌာနမှာ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေဆိုထားပါတယ်။
By – အမိုး