စစ်ပြေးဒုက္ခသည်များသတင်း

ဖောင်းဆိုင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံပြည်သူ ၂၀၀ ကျော်ပိတ်မိနေ

ရှမ်းမြောက် မုံးကိုးမြို့နယ်  ဖောင်းဆိုင်ဒေသတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA ပြင်းထန်နေဆဲဖြစ်တာကြောင့် ဖောင်ဆိုင်ကျေးရွာအုပ်စုက ဒေသခံပြည်သူ ၂၀၀ ကျော် စစ်မြေပြင်မှာ ပိတ်မိနေတယ်လို့ ဖောင်းဆိုင်ဒေသခံတွေကနေ သိရပါတယ်။

ရှမ်းမြောက်မှာ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကနေ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ စစ်တပ်ရဲ့တပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူနေရာကနေ စစ်ဆင်ရေး တတိယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ မုံးကိုး ၊ ဖောင်ဆိုင်း (Munggu, Hpawng Seng  ) ရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းတပ်စခန်းနဲ့ ဖောင်းဆိုင်နဲ့ ၃ မိုင်လောက်ဝေးတဲ့ မန်းယန်တပ်စခန်းတွေကို MNDAA ဘက်က သွားရောက်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်လာတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်လို့မရဘဲ ပိတ်မိနေတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

အခု ပြည်သူတွေက ဖောင်းဆိုင်ကျေးရွာမှာ တအောင်း၊ တရုတ်၊ ကချင် တွေနဲ့ဆိုရင် ၂၀၀ လောက် ပိတ်မိနေတာ၊ ဒီမှာလည်း တိုက်ပွဲတွေ ဖြစ်နေတော့ ထွက်ပြေးလို့ မရဘူး ဖြစ်နေတယ်။ ကျွန်တော်တို့လည်း ဆုတောင်းနေကြတာပေါ့ အမြန်ဆုံး ပြန်နိုင်အောင် ဗုံးတွေလည်းချ ဒရုန်းတွေနဲ့လည်းချတော့ ကျွန်တော်တို့တွေ အရမ်းစိတ်ပူနေရတယ်လို့ပြောပါတယ်။

လက်ရှိ ပိတ်မိနေတဲ့ကျေးရွာတွေဟာ ဖောင်းဆိုင်ရွာအပါအဝင် ဖောင်းဆိုင်ကျေးရွာအုပ်စုဝင်ရွာတွေဖြစ်ကြတဲ့ နောင်ကျန်၊ နောင်ဖိုင်၊ မန်ပိန်း စတဲ့ ကျေးရွာ ၃ ရွာက ပြည်သူတွေဖြစ်ပြီး တရုတ်မြန်မာ နယ်စပ်နား တိမ်းရှောင်နေကြရတဲ့အပြင် နောက်ထပ် လရှပ်(Lashap mare) ကျေးရွာ ပြည်သူတွေကလည်း ခကျန်ခရော့(hka chyang hkaraw) ဆိုတဲ့တောတစ်နေထဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖောင်းဆိုင်နဲ့ ၃ မိုင်လောက်ဝေးတဲ့ မန်းယန် စစ်ကောင်စီတပ်စခန်းကို ကိုးကန့်တပ်က အောက်တိုဘာ ၂၉ ရက်နေ့ သိမ်းလိုက်ပြီးနောက် ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ ဖောင်ဆိုင်း စစ်တပ်ဗျူဟာတပ်စခန်းကိုသွားရောက်တိုက်ခိုက်သိမ်းပိုက်နေတယ်လို့သိရပါတယ်။

မနေ့ကတော့ မန်းယန် ကိုတော့ ကိုးကန့်တွေ သိမ်းလိုက်ပြီ။ အခုကတော့ နောင်ဖိုင် ရွာထိပ် နောင်ကျိုင့်တွေမှာလည်း ကိုးကန့်တွေရှိတယ်။ ဒီနေ့ကျတော့လည်း ဖောင်းဆိုင်ကျေးရွာတပ်စခန်းမှာတိုက်နေကြတယ်။ ကိုးကန့်တွေက ဒရုန်းတွေ ၇ ခုလောက်နဲ့ ဗုံးတွေပစ်ချပေးတယ်။ မန်းယန်မှာ လက်နက်တွေ အများကြီးရှိနေရင်လည်း ဒရုန်းနဲ့ တိုက်ပြီးသိမ်းနိုင်အောင် လုပ်တာ ဖောင်းဆိုင်သိမ်းပြီးရင်တော့ မုံးကိုးကိုလည်း သူတို့ သိမ်းမယ်ထင်တယ်လို့ ပြောပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့ ဒီကနေ့အထိ ဖောင်ဆိုင်းကျေးရွာတစ်လျှောက်မှာတိုက်ပွဲတွေ ပြင်းထန်နေပြီးတော့ စစ်တပ်ဘက်ကလည်း လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေရှိသလို မုံးကိုးဘက်ကလည်း ဖောင်းဆိုင်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ကူနေတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့်အောက်တိုဘာ ၂၉ ရက်နေ့ မနေ့ကလည်း မုံးကိုးကနေ သုံးမိုင်လောက်ဝေးတဲ့ ကောင်လုံကျေးရွာက ဘုရားကျောင်းပျက်စီးခဲ့ပြီး ပြည်သူတစ်ယောက်ရဲ့ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။

ဒေသခံတွေပြောတာကတော့ ဖောင်ဆိုင်းကျေးရွာက စစ်တပ်ဗျူဟာကုန်းကို ကိုးကန့် MNDAA ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ပါက ဖောင်းဆိုင်ဒေသတစ်ခုလုံး ကိုးကန့် MNDAA ရဲ့ ထိန်းချုပ်နိုင်တော့မှာဖြစ်ကြောင်း ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။

မုံးကိုးမြို့နယ် ဖောင်းဆိုင်ဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း ကိုးကန့် MNDAA တပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့်တပ်စခန်းဘက်က ဖောင်ဆိုင်းဒေသတစ်ဝက်ကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအခြေနေအရလည်း တိုက်ပွဲဆက်ထက်ပြင်းထန်လာပါက ဖောင်းဆိုင်ဒေသတစ်လျှောက်က ပြည်သူတွေ တရုတ်ပြည်ဘက်ကို ထွက်ပြေးဖို့ တရုတ်အစိုးရကို ဖောင်းဆိုင်တာဝန်ရှိသူတွေ တောင်းဆိုထားတာတွေရှိပေမဲ့ အခုချိန်ထိ တရုတ်ဘက်ကို ဝင်ခွင့်မပြုသေးဘူးလို့ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button