မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး ကားတိုက်ခံရလို့ ပွဲချင်းပြီးသေဆုံး

မြစ်ကြီးနားမြို့ ရွှေလမ်းမပေါ်မှာရှိတဲ့ Enrich Bar ရှေ့မှာ ဆိုင်ကယ်မောင်းနှင်လာတဲ့အမျိုးသား နှစ်ဦးကို ကားတစ်စီးဝင်တိုက်ခဲ့တဲ့အတွက် အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးကြောင်း ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူ ကပြောပါတယ်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၉ ရက် ည ၈ နာရီကျော်လောက်က အဲဒီအမျိုးသားနှစ်ဦးဟာ Enrich Bar ဘားဆိုင်ကနေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့အချိန်ကားတစ်စီးဖြတ်တိုက်သွားဖြစ်တယ်လို့ လူမူကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မော်တော်ပီကေ ပြောပြတာက ဆိုင်ကယ်နဲ့ဘားကထွက်လာတဲ့အချိန် ကားကဖြတ်ဝင်တိုက်တဲ့ပုံစံဟုတ်တယ်။ သူတို့အရက်တွေလည်းသောက်ထားတဲ့အတွက် အဲနားမှာရှိတဲ့မြောင်တံတားမှာ အရင်တိုက်မိပြီး လူကကားလမ်းဘက်ကိုရောက်သွားတဲ့အချိန် ကားတိုက်သွားတာဆိုပြီးတော့ ပြောတာကြားမိတယ်လို့”ပြောပြပါတယ်။
ကားတိုက်ခံလိုက်ရလို့ သေဆုံးသွားသူဟာ ထီးကျိုင့်မြို့ဇာတိ အသက်၂၀အရွယ် မောင်ဝေဖြိုးဉီးဆိုသူဖြစ်ပြီး ဦးခေါင်းကြေတဲ့ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့ နေရာမှာသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်တစ်ဦးကတော့ မေးစေ့ကွဲ၊ ညာဒူးပြဲဒဏ်ရာတွေရရှိခဲ့ပြီး နာမည်နဲ့နေရပ်လိပ်စာတွေကို မေးမြန်းလို့မရနိုင်ခဲ့ဘူးလို့သိရပါတယ်။
လက်ရှိမှာတော့ သေဆုံးသူမောင် ဝေဖြိုးရဲ့မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပေမယ့် ဒဏ်ရာရရှိတဲ့လူနာရဲ့မိသားစုဝင်တွေကတော့ ခုချိန်ထိလာရောက်ဆက်သွယ်တာမရှိသေးဘူးလို့ ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်းကပြောပါတယ်။
မြစ်ကြီးနားမြို့မှာအောက်တိုဘာလအတွင်းမှာဘဲယာဉ်တိုက်မှုပေါင်း ၂၀နီးပါးရှိလာပြီး အခုလိုယာဉ်တိုက်မှုတွေက ညမှောင်နေတဲ့အချိန်မှာ ပိုအဖြစ်များပြီး များသောအားဖြင့် လမ်းစည်းကမ်းမလိုက်နာဘဲ အရှိန်ပြင်းပြင်းမောင်းနှင်မှုနဲ့ သောက်စားမူးယစ်မောင်းနှင်တဲ့လူတွေ ပိုအဖြစ်များတယ်လို့ ကချင်လူမှုကယ်ဆယ်ရေးအသင်းရဲ့အဖွဲ့ဝင်တစ်ဦးကသုံးသပ်ပြောဆိုပါတယ်။
By – Hope