တိုက်ပွဲသတင်း

ဖားကန်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ

ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ဘွမ်ရာယန်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ ဖားကန့်လမ်း နန့်ယား၊ နမ်တိန့် ဘက်ကနေ စစ်အင်အား ၈၀ ဝန်းကျင်လောက် ခြေလျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို နန့်မဖြစ်နဲ့ ၁၀ မိုင်အကွာလောက်မှာရှိတဲ့ ဘွမ်ရာယန်နားမှာ KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

အဲဒီစစ်ကြောင်းတွေ ဝင်လာမယ် ဆိုတာကို KIA က သတင်းကြားထားတာကြာပြီ။ ဒီဖားကန့်ထဲကို ဝင်လာလို့ မရအောင် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့သဘောမျိုးပါ။ ပြီးရင် အဲဒီစစ်ကြောင်းက ဖားကန့်လမ်းမှာ စစ်ရေးလှုပ်ရှားနေတာလည်းကြာပါပြီ။ အခုတိုက်ပွဲဖြစ်ကြတဲ့နေရာကလည်း အလှမ်းဝေးတဲ့နေရာဖြစ်ပါတယ်။ အဲ့ကြောင့် ထိခိုက်မှုနဲ့ ပတ်သက်ပြီးတော့ သေချာမကြားရသေးဘူးလို့ပြောပါတယ်။

KIA ရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တစ်နာရီလောက်အကြာ ဘွမ်ရာယန်ကျေးရွာ အနီးတဝိုက်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်ရှိအခြေအနေမှာ စစ်ကောင်စီ စစ်ကြောင်းဟာ ဖားကန့်ဘက်ကို ဝင်လို့မရဘဲ ပိတ်ဆို့တိုက်ခိုက်ခံအခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နောက်ပိုင်း ကားမိုင်းဘက်ကနေ တက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး တစ်ပတ်လောက်အကြာမှ ဖားကန့်ဘက်ကို ပြန်လည်ထွက်လာခဲ့ရာမှာ တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဟာ ဖားကန့်မြို့အဝင် လယ်ပြင်စုပေါင်းဂိတ်ရဲ့ ဘယ်ဖက်ခြမ်း ၁၂ မိုင်လောက်အကွာမှာရှိတဲ့ နန့်မဖြစ်အထက် ဘွမ်ရာယန်ကျေးရွာမှာဖြစ်ပြီး ဖားကန့်ဘက်ကို စစ်အင်အားတိုးချဲ့ဖို့ တက်လာကြတဲ့ စစ်ကောင်စီ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်မှာ ဒီကနေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး နောက်ထပ် ဖားကန့် ဒေသခံတစ်ယောက်ကကျနော်တို့ သိရသလောက်က စစ်ကြောင်းတွေထွက် လာလို့ KIA က မိုင်းဆွဲတိုက်ခိုက်လိုက်တာလို့ သိရပါတယ်။ အဲဒီ စစ်ကြောင်းတွေက ကားမိုင်းဘက်ကနေ တက်လာတာ တစ်ပတ်လောက်ရှိပြီသိရတယ်။ လက်နက်ကြီးသံတွေတော့ ကြားရတယ်။ လက်နက်ငယ်သံတွေက သိပ်မကြားရဘူး။ တိုက်ပွဲဖြစ်တဲ့ အခြေအနေက ၁ နာရီလောက်ကြာတယ်လို့ပြောပါတယ်။

အဲဒီ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ နန့်ယားစစ်တပ်ကုန်းကနေ ထွက်ခွာလာခဲ့တဲ့အချိန် နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ စတဲ့ကျေးရွာ ၃ ခုက ဒေသခံပြည်သူ ၈ ယောက်ကို လူသားဒိုင်းအသုံး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်ကြောင်းလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button