တိုက်ပွဲသတင်း

စစ်ကောင်စီတပ်က လိုင်ဇာမြို့ကို လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေ

မြစ်ကြီနားဗန်းမော်လမ်းမပေါ်မှာရှိတဲ့ စစ်တပ်ရဲ့ဆယ်စုနှစ်တစ်စုကြာအထိုင်တပ်စခန်းတွေ ဆက်တိုက်လက်လွတ်လာနေရတဲ့ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာာလ ၃၁ ရက်နေ့ကစပြီး KIOဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို လေကြောင်းနဲ့ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ လိုင်ဇာဒေသခံတွေက ပြောပါတယ်။

ဒီနေ့ဆို ၂ ရက်ဆက်တိုက်ရှိပြီ ဒီလိုင်ဇာနားက အလျမ့်ဘွမ် (Alen Bum) မှာ မနေ့က ၃ လုံးကျတယ်။လိုင်စင်ဘက်လည်းကျတယ် ထိခိုက်သေဆုံးတာရှိမရှိတော့ မကြားမိဘူး ကျမတို့လည်း ပြေးနေရတော့ အသေးစိတ်မသိရဘူးလို့ လိုင်ဇာဒေသခံအမျိုးသမီး တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလ ၃၁ ရက်နေ့ စစ်တပ်ရဲ့အထိုင်ချစခန်းဖြစ်တဲ့ ကန်တော်ယန်ဗျူဟာတပ် စခန်းကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက နာရီပိုင်းအတွင်းမှာဘဲ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက် အထိနာသွားတဲ့အတွက် ချက်ချင်းဆိုသလို လိုင်ဇာမြို့ဘက်ကို လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက် ခိုက်နေတာဖြစ်ပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ မနေ့ကတစ်ရက်အတွင်း မန်းလေးတံတားဦးလေဆိပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီး၊ မြစ်ကြီးနားလေဆိပ်ကနေတက်လာတဲ့ဂျက်ဖိုက်တာ ၂ စီး စုစုပေါင်း ၄ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် လိုင်ဇာမြို့အနီးမှာရှိတဲ့ ခရာဘွမ်ကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁ ရက်နေ့ ဒီကနေ့ မနက် ၉ နာရီလောက်မှာတော့ KIA နဲ့မဟာမိတ်တွေသိမ်းပိုက်ထားတဲ့ ကန်တော်ယန်စခန်းကိုလည်း ဂျက်ဖိုက်တာ ၂ စီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် နေ့လည် ၁၂ နာရီလောက်မှာတော့ အလျမ့်ဘွမ်ဘက်ကို တစ်ကြိမ်နဲ့ညနေ ၆နာရီခွဲလောက်မှာတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တောက်လျှောက်လာပစ်နေတာဘဲ အားလုံးကတော့ သတိထားပြီးနေနေရတယ်။ခရာဘက်ကနေလက်နက်ကြီးနဲ့ပစ်လိုက် ခနနေတော့လေယာဉ်နဲ့ပြန်လာပစ်လိုက်လုပ်နေတာ ခုလောလောဆယ်တော့ ငြိမ်နေတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

မြစ်ကြီးနားဗန်းမော်လမ်းမပေါ်က ဗျူဟာကျတဲ့ ကန်တော်ယန်အထိုင်စခန်းလက်လွတ် လိုက်ရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်က ထုတ်ပြန်ချက်တစ်စောင်ကို အောက်တိုဘာလ ၃၁ ရက်နေ့က ထုတ်ခဲ့ပါသေးတယ်။

ထုတ်ပြန်ချက်ထဲမှာ KIA ဟာ ရှမ်းမြောက်ဒေသအကြမ်းဖက်အဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားနေချိန်နဲ့အချိန်ကိုက် အခွင့်ကောင်းယူပြီး စစ်တပ်ကိုတိုက်ခိုက်နေတာဖြစ်ပြီး ကန်တော်ယန်စခန်း တိုက်ခိုက်ခံရမှုမှာ စခန်းအပါအဝင် တပ်မတော်က အရာရှိ၊စစ်သည်တစ်ချို့ထိခိုက် သေဆုံးသွားကြောင်း ဖော်ပြထားပါတယ်။

ဒ့ါအပြင် စစ်တပ်သူတို့ပိုင်တဲ့ရုပ်သံနဲ့ သတင်းစာတွေမှာ KIA ကိုသီးခံနိုင်စွမ်းကုန်ပြီဖြစ်တဲ့အတွက် KIA ရဲ့လက်နက်ထုတ်နေရာတွေကို တုန့်ပြန်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပြီး အဲဒီပစ်ခတ်တိုက်ခိုက်မှုတွေကို မတိုင်ခင် နယ်စပ်နေရာဖြစ်တဲ့အတွက် တရုတ်နိုင်ငံကတာဝန်ရှိသူတွေကို ကြိုတင်အသိပေးကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လိုအပ်သလိုတုန့်ပြန်သွားမယ်လို့လည်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကနေ နမ်ဆန်ယန်ကိုအထိုင်ချတပ်စွဲနေထိုင်ဖို့ကြိုးစားလာခဲ့တဲ့ စစ်တပ်ဟာ ထိုးစစ်ဆင်တာ ၄ လကျော်ရှိလာနေပေမယ့် ထိရောက်တဲ့စစ်ဆင်ရေးလုပ်နိုင်တာ မရှိတဲ့အပြင် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်တာ၊ခြုံခိုတိုက်ခိုက်ခံရတာတွေကြောင့်အထိနာနေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ကြီးနားဗန်းမော်လမ်းမပေါ်က အဓိကစခန်းနေရာတွေဖြစ်တဲ့ လဲလုံ(လိုင်လွမ့်အောင်ဂျာ)တပ်စခန်းလည်း အောက်တိုဘာလ ၆ ရက်နေ့ KIAနဲ့မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်သွားတဲ့အပြင် အောက်တိုဘာလ ၃၁ ရက်နေ့မှာလည်း ကန်တော်ယန်စခန်းကို လက်လွတ်လိုက်ရတာလည်းဖြစ်ပါတယ်။

ကန်တော်ယန်စခန်းကိုမတိုက်မီ  ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြည်သူတွေကို သတိပေးထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံး တော်လှန်တိုက်ခိုက်နေတာကြောင့် စစ်တပ်ဟာ အဖက်ဖက်ကနေအထိနာနေပြီး စစ်ရေးရှုံးနိမ့်နေတဲ့အတွက် သူတို့ရဲ့လုပ်ရိုးလုပ်စဉ် တွေအတိုင်း အရပ်သားပြည်သူတွေကို ရန်ပြုဦးတည်တိုက်ခိုက်လာနိုင်တာကြောင့် ပြည်သူများအထူးသတိထားနေထိုင်ဖို့ သတိပေးထားတာပါ။

လက်ရှိချိန်မှာ စခန်းတွေဆက်တိုက်လက်လွတ်နေရတဲ့စစ်တပ်ဟာ အဖက်ဖက်ကနေ အထိနာနေတဲ့အတွက် KIA ကိုတန်ပြန်တိုက်ခိုက်မယ့်အကြောင်း ထုတ်ပြန်ချက်တွေကို ၂ ရက်ဆက်တိုက်ထုတ်ပြန်နေပြီး ဒီကနေ့မှာလည်း KIAPDF တပ်ဖွဲ့ဝင်တွေအတွက် အထူးနိုးဆော်ချက်ဆိုတဲ့ခေါင်းစီးနဲ့လည်း ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ KIA,PDFတွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ချေမှုန်းသွားမယ် လို့ဆိုထားတဲ့အပြင် KIA,PDF တွေအနေနဲ့အမြင်မှန်ရပြီး တပ်မတော်ထံကို လက်နက်ချအလင်း ဝင်လာကြဖို့ကိုလည်း ဖော်ပြထားပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ်မှာလည်း စစ်တပ်နဲ့KIA တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေသလို ရွှေကူဘက်မှာလည်း နှစ်ဖက်စစ်ရေး တင်းမာနေတာ လည်းဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button