စစ်ပြေးဒုက္ခသည်များသတင်း

အင်းတော်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆောင်းတွင်းဝတ်အနွေးထည်နဲ့စောင်တွေလိုအပ်နေ

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆောင်းတွင်းဝတ်အနွေးထည်နဲ့စောင်တွေအကူအညီလိုအပ်နေတယ်လို့ ဒေသခံစစ်ရှောင်တွေဆီကနေ သိရပါတယ်။

အင်းတော်မြို့နယ် မော်တိတ်ဒေသထဲက ၈ လကျော်ကြာစစ်ဘေးရှောင်နေရတဲ့ နန့်သာ၊အောင်းကုန်း၊အင်ပင် ၊တုံ့တော်စတဲ့ ကျေးရွာတွေထဲက စစ်ရှောင်ပြည်သူ ၇၀၀၀ ကျော်အနက် လက်ရှိသုံးပုံနှစ်ပုံလောက်လူဦးရေ အတွက်ဆောင်းတွင်းဝတ်အနွေးထည်တွေနဲ့ စောင်တွေ အကူအညီလိုအပ်နေတယ်လို့ အဲ့ဒီစစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက KNGကို အခုလိုပြောပါတယ်။

ကျွန်တော်တို့ဒီမော်တိတ်ဒေသကကျတော့ မဲဇာဘက်ခြမ်းကျတယ် မဲဇာတောင်ခြေကျတာပေါ့ အအေးပိုင်းဖြစ်နေတာအခုဆိုမနက်မနက် ၁၀ နာရီ လောက်အထိ အနွေးထည်မကပ်ထားလို့မရဘူး ဝတ်ထားရတယ်အတော်လေးအေးနေပြီညဘက်ဆိုလည်းအေးတယ် တချို့က ဆောင်တွေ၊အနွေးထည်တွေ မရှိကိုမရှိကြဘူးလို့သူကပြောပါတယ်။

မော်တိတ်ဒေသက စစ်ဘေးရှောင်ပြည်သူတွေဟာ ယခုနှစ် မတ်လကတည်းကကျေးရွာတွေ ထဲစစ်ကြောင်းဝင်လာတာကြောင့် ရုတ်တရက်ထွက်ပြေးခဲ့ကြရတာဖြစ်လို့ အခုလိုအကူအညီလို အပ်နေတာဖြစ်ကြောင်း အောင်းကုန်းကျေးရွာထဲက စစ်ဘေးရှောင်အမျိုးသား တစ်ဦးကအခုလိုပြောပါတယ်။

အများပိုင်းက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲပြေးခဲ့ကြရတာလေး နန့်သာတို့မော်တိတ်တို့ကအဲ့လောက်မဟုတ်ဘူးအောင်းကုန်းတို့၊အင်ပင်တို့တခြားရွာတွေကျတော့ပစ္စည်းတွေအကုန်ထားခဲ့ရတာဘာမှယူချိန်မရလိုက်ဘူး အခုဆောင်းရောက်လာတော့ ဒုက္ခရောက်ကြတာပေါ့ပြန်ယူရအောင်ကလည်းအိမ်တွေကမီးရှို့ခံထားကြရတာဆိုတော့လို့သူကပြောပါတယ်။

လက်ရှိမော်တိတ်ဒေသ မဲဇာဘက်မှာ ရာသီဥတုအေးနေပြီဖြစ်တာကြောင့် အနွေးထည်နဲ့ စောင်လုံလောက်မှုမရှိတဲ့မိသားစုတွေထဲက ကလေးငယ်တွေနဲ့သက်ကြီးပိုင်းတွေမှာ နှာစည်းချောင်းဆိုးနဲ့အဖျားတွေလည်းပိုမိုဖြစ်ပွားလာနေတယ်လို့သိရပါတယ်။

နွေးနွေးထွေးထွေးမနေရတော့ကလေးတွေဟာ ဘာဖြစ်လာသလဲဆိုတော့ နှာစေးချောင်း ဆိုးတွေအဖြစ်များလာနေတာ အဲ့ကြောင့်ကျတွေကိုဖြေရှင်းပေးဖို့ ဆိုပြီးNUG ဆီကိုတော့ တင်ပြထားတယ်ဟိုလကတည်းကနေဆောင်တွေ အနွေးထည်တွေထောက်ပံ့ပေးဖို့ပေါ့ခုထိတော့ရမယ် မရဘူးဘာမှမသိရသေးဘူးလို့ အထက်မှာဖော်ပြခဲ့တဲ့စစ်ဘေးရှောင်ထောက်ပံ့ ပေးနေတဲ့အမျိုးသားကပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်ပြည်သူတွေဟာ မော်တိတ်ဒေသထဲက တောတောင်တွေမှာ မိုးကာတဲ၊ယာယီတဲတွေထိုးပြီးနေရ တာကြောင့် အမိုး၊အကာ မကောင်းတာကြောင့် အအေးဒဏ်ခံနိုင်ဖို့ဆောင်နဲ့အနွေးထည်တွေလိုအပ်နေတာလို့သိရပါတယ်။

စစ်ကိုင်း မော်တိတ်ဒေသ ကျေးရွာပေါင်း ၁၂ရွာခန့်က ပြည်သူ ၇၀၀၀ ကျော်ဟာ နန့်သာနဲ့မော်တိတ်ရွာထဲကို စစ်ကြောင်းထိုင်လာတဲ့ ၂၀၂၃ မတ်လကတည်းကစစ်ဘေး ရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button